The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မြန်မာ့ နွေဦးတော်လှန်ရေးဟာ လက်ရှိအချိန်မှာ တော်လှန်ရေးရေချိန် အမြင့်ဆုံးကာလသို့ ရောက်ရှိနေပြီး စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးအဆုံးသတ်နိုင်ရန် ညီညွတ်ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့မနက် ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုဘက်က လူထုအကြား သံသယဖြစ်စရာ၊ စုဖွဲ့မှု ပြိုကွဲစေဖို့ ရည်ရွယ်တဲ့ ဖျက်ဆီးရေး လှုပ်ရှားမှုတွေ ထပ်တိုးဆောင်ရွက်လာနိုင်တယ်ဆိုပြီး သူက သတိပေးခဲ့ပါတယ်။
“အခုလို အချိန်မှာ ကျွန်တော်တို့အနေနဲ့ အချင်းချင်း နားလည်မှုရှိစွာ၊ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးဆုံးအချိန်ကို ရောက်ရှိလို့နေပြီ။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျနော်တို့အချင်းချင်းကြား စုဖွဲ့မှုပြိုကွဲစေဖို့ လှုပ်ရှားလာတိုင်တဲ့အတွက် သတိကြီးကြီးထား ကျော်လွှားကြဖို့ လိုအပ်ကြောင်း သတိပေးပြောကြားလိုပါတယ်” လို့ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါအပြင် စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် ကျန်ရှိနေသေးတဲ့ အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ဖို့ကိုလည်း ပိုမိုအာရုံစိုက်ကာ ဆောင်ရွက်သွားကြဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ် က တိုက်တွန်း ပြောကြားထားပါတယ်။
နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် တွန်းလှန်ရေး သမိုင်းတစ်လျှောက် စုစည်းမှုအားအကောင်းဆုံးနဲ့ စစ်ကောင်စီကို ထိခိုက်ဆုံးရှုံးမှုအများဆုံး ဖြစ်ပေါ်စေတဲ့ တော်လှန်ရေးဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ဆိုး အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူတစ်ရပ်လုံးရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် အရင်းအနှီးကြီးမားသော တော်လှန်ရေးတစ်ခုလည်းဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ နေ့စဉ်အကြမ်းဖက်သတ်ဖြတ်မှုများ၊ စီးပွားရေးအကြပ်အတည်းနဲ့ တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှုများကြားမှ ရုန်းကန်နေရတဲ့ ပြည်သူတွေက တော်လှန်ရေးအတွက် နိုင်ရာဝန်ထမ်းကာ တောင့်ခံပေးနေမှုကို အမြဲသတိမူပြီး ပြည်သူများ စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ရေး ပိုမိုအားထည့်ဆောင်ရွက်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းထားပါတယ်။
