The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက်

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး နှစ်ရက်တာအတွင်း အရပ်သားလေးဦး သေဆုံးကာ လူနေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၁၃၊ ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖလမ်းမြို့ လုံပီးရပ်ကွက် ၊ Lunghawh၊ Lati Kulzam၊ Khuangli၊ Var ၊ Parte ကျေးရွာတို့ကို ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မတ်လ ၁၃ရက်နေ့မှာ ဖလမ်းမြို့ လုံပီးရပ်ကွက် ၊ Lati ၊ Kulzam၊ Khuangli၊ Var ၊ Parte ရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံတွေ ကြိုတင်စွန့်ခွာ ထွက်ပြေးနိုင်ခဲ့ပေမယ့်လည်း နေအိမ်များပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁နာရီခန့်မှာ Lunghawh ကျေးရွာကို စစ်ကောင်စီတပ်က Yak-130 ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့ရာ အသက်၁၇နှစ်အရွယ် Henry Kap Nei Sang၊ အသက် ၂၀ နှစ်အရွယ် Rang Lun Sang နဲ့ အသက်၁၄နှစ်အရွယ် Van Lian Thawngတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး လူနေအိမ်လေးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင်း ထိခိုက်သေဆုံးမှု၊ ပျက်စီးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖလမ်းမြို့နယ်အခြေစိုက်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CNO/ CNDF ဘက်က တစုံတရာထုတ်ဖော်လာခြင်းမရှိသေးပါဘူး။
တဖက်မှာလည်း မတ်လ ၃ရက်နေ့က ဖလမ်းမြို့ ၊ လုံပီးရပ်ကွက်က စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှာ CNA ဘက်မှ အသက် ၂၅ နှစ်အရွယ် ဗိုလ်ကြီး ဉာဏ်လင်းအောင် ၊ အသက် ၁၈ နှစ်အရွယ် ဒုတပ်ကြပ် ရဲမေ မန်းဒိတ်နွမ်း ၊ အသက် ၂၄ နှစ်အရွယ် ရဲဘော် ရှန်းဗျက်တို့ ကျဆုံးသွားပါတယ်။
ဒါ့အပြင် မတ်လ ၈ ရက်နေ့ Lunghawh ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၁၉ နှစ်အရွယ် Ruth Van Lal Tha Nei Thing သေဆုံးခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့နဲ့ ဆူရ်းဘုန်လေယာဉ်ကွင်းကို ပြန်လည်သိမ်းပိုက်ဖို့ ကလေးမြို့ကနေ စစ်အင်အား အလုံးအရင်းနဲ့ ချီတက်လာခဲ့တာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၅၀၀ ကျော်ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းတွေကြောင့် အရပ်သားပြည်သူ ၁၅ ဦးကျော် သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ စာရင်းများအရ သိရပါတယ်။
၂၀၂၅ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်အထိ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်၊ ဘုရားကျောင်း၊ ကျောင်းနဲ့ ဆေးရုံ အပါအဝင် အဆောက်အဦပေါင်း ၆၀ ကျော် ပျက်စီးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဆိုပါတယ်။
