The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက်
ဇိုမီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် – အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ZRA-EC)ဟာ စစ်ကောင်စီဘက်က ပူးပေါင်းရပ်တည်နေတယ်လို့ PDF Zoland က မနေ့က မတ်လ၁၅ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ZRA-EC တပ်ဟာ ပြည်သူ့တော်လှန်ရေးတပ်မဟုတ်ဘဲ အကြမ်းဖက် စစ်ကော်မရှင်တပ်လက်အောက်ခံတပ်ဖွဲ့ဖြစ်သလို သူတို့ရဲ့ လက်ကိုင်တုတ်သဖွယ် ဆောင်ရွက်နေတယ်လို့ PDF Zoland အဖွဲ့က ထုတ်ပြန်ထားတာပါ။
တီးတိန်မြို့အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ ခမရ(၂၆၉) စစ်ကောင်စီတပ်ရင်းအနီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးဝန်းထဲမှာ ZRA-EC တပ်သားတွေက သူတို့ဝတ်စုံနဲ့ ချင်းလုံးခတ်ကစားနေတာကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အထောက်အထားပဲလို့ တီးတိန်ဒေသခံတွေက သုံးသပ်ကြပါတယ်။
“တီးတိန်မှာ ZRA EC ပြည်သူစစ်တွေ ရှိလာပြီဖြစ်တဲ့အတွက် သူတို့ဟာ ဇိုမီးအမျိုးသားတပ်သားတွေ မဟုတ်တော့ဘဲ စစ်ကောင်စီတပ်နဲ့ အတူတူဖြစ်သွားပါတယ်။ မိဘပြည်သူများအနေနဲ့ ZRA တပ်ထဲမှာ ရှိနေသေးတယ်ဆိုရင် စစ်ကောင်စီတပ်ထဲမှာ တပ်ဖွဲ့ဝင်ဖြစ်နေတာကို သတိရဖို့အရေးကြီးပါတယ်” လို့ PDF Zoland တပ်ဖွဲ့ စစ်ဦးစီးချုပ် Gideon က သူ့ရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ ရေးတင်ထားပါတယ်။
ZRA-EC တပ်ဘက်ကတော့ သူတို့အနေနဲ့ စစ်ကောင်စီတပ်ကို မတိုက်ခိုက်လို့ ပူးပေါင်းနေတယ်လို့ စွပ်စွဲခံရကြောင်း ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ရက်နေ့က မဏိပူရ်ပြည်နယ်၊ နယူးလမ်းကားမြို့မှာ ကျင်းပတဲ့ ဇိုးမီးအမျိုးသားနေ့မှာ ZRA-EC ခေါင်းဆောင်တစ်ဦးက မိန့်ခွန်းပြောကြားချိန် ထည့်သွင်းပြောကြားထားပါတယ်။
