The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၉ရက်

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်၊ နန်းခွင်းကျင်ကျေးရွာက စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသားတဦး မစိုးရိမ်ရဒဏ်ရာ ရသွားတယ်လို့ Indaw Revolution(IR) အဖွဲ့ဆီက သိရပါတယ်။
ဒီကနေ့ မတ်လ ၉ရက် နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်မှာ မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးကြဲမှုကြောင့် မော်လူးမြို့အနီးက နန်းခွင်းကျင်ရွာ ဘုန်းကြီးကျောင်းဝန်းနဲ့ အနီးနားကို ကျရောက်ပေါက်ကွဲခဲ့ပြီး မော်လူးကျောင်းအုပ်တံတိုင်းနံရံတွေနဲ့ အနီးနားအဆောက်ဦအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦးလည်း ခြေမျက်စိ ဗုံးစမှန်ထိခိုက်ခဲ့ပြီး ဒဏ်ရာတော့ မပြင်းထန်ဘူးလို့ Indaw Revolution(IR)အဖွဲ့က ပြောပါတယ်။
မော်လူးမြို့ကို ၂၀၂၃ခုနှစ်၊နိုဝင်ဘာလမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့ပြီး လက်ရှိမှာ အင်းတော်နဲ့ မော်လူးမြို့ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကသာ၊ ကောလင်းမြို့နယ်တွေထဲမှာ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူများအနေနဲ့ လေကြောင်းရန်ကို သတိထားကြဖို့ Indaw Revolution(IR)အဖွဲ့က တိုက်တွန်းထားပါတယ်။
ပုံစာ-မော်လူးမြို့က နန်းခွင်းကျင်ကျေးရွာဝန်းကျင်ကို စစ်ကောင်စီ ဗုံးကြဲအပြီး တွေ့ရစဉ်။
ဓာတ်ပုံ – Indaw Revolution(IR)
