The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၉ ရက်

ရခိုင်-မကွေး အစပ်က နတ်ရေကန်ဗျူဟာနဲ့ ကိုက် ၁၀၀၀ လောက်ပဲဝေးတဲ့ နောက်ဆုံးကာကင်း ‘ကြက်ခြံကုန်း’ ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်လို့ ဗျူဟာကုန်းကြီးကို အပြီးသတ်သိမ်းဖို့ စစ်ရေးအရှိန် တော်တော်လေး မြှင့်နေပြီလို့ သိရပါတယ်။
ဒီကာကင်းမှာ စစ်ကောင်စီအင်အား ၁၀၀ လောက်ရှိပြီး ဒီရက်ပိုင်းတိုက်ပွဲတွေမှာပဲ AA က အပြီးသတ် သိမ်းနိုင်ခဲ့တာပါ။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ “ကြက်ခြံကာကင်းရပြီ။ ထွက်ပြေးတာတွေရော၊ အလင်းဝင်တာတွေရောရှိတယ်။ နတ်ရေကန်နားမှာ ကာကင်းစခန်းမရှိတော့ဘူး။ နတ်ရေကန်ထဲက အဓိကနေရာဖြစ်တဲ့ ကမ္ဘာလုံးထဲမှာပဲ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) ရှိတော့တယ်။ အဲ့ဒီကို စတိုက်နေပြီလို့ ပြောရမယ်” လို့ ပြောပြပါတယ်။
နတ်ရေကန်ဗျူဟာရဲ့ အရှေ့မြောက်နဲ့ အရှေ့တောင်ဘက်က ပဇီရွာနဲ့ ဂုတ်ကြီးရွာတွေနားမှာတော့ စစ်တပ်က အင်အား ၁၅၀၀ လောက်စီနဲ့ တပ်စွဲထားတုန်းပဲလို့ သိရပြီး အဲ့ဒီပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နောက်ထပ် သတင်းရင်းမြစ်တစ်ခုကလည်း “ပဇီ နဲ့ ဂုတ်ကြီးက နတ်ရေကန်ရဲ့ကာကင်းစခန်းမဟုတ်ဘူး။ အဲ့နေရာတွေမှာလည်း တိုက်ပွဲက ရှေ့တိုးနောက်ဆုတ်တွေဖြစ်နေတယ်။ အခုက နတ်ရေကန်ရဲ့ကာကင်းစခန်းတွေမရှိတော့ဘူး” လို့ အတည်ပြုပေးပါတယ်။
“ကမ္ဘာလုံး” ဆိုတာကတော့ နတ်ရေကန်ဗျူဟာ တောင်ထိပ်မှာ ရေဒါတွေ မပျက်စီးအောင် ကာကွယ်ထားတဲ့ မြူကာစနစ် (Fiberglass Radome) အဆောက်အအုံကို ခေါ်တာပါ။ အခုတော့ စစ်တပ်က ရေဒါကိုဖြုတ်ပြီး အဲ့ဒီကမ္ဘာလုံးကို ဘန်ကာအနေနဲ့သုံးနေသလို၊ ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကိုလည်း အဲ့ဒီထဲမှာပဲ ဆေးကုပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ AA နဲ့ ပူးပေါင်းတပ်တွေက နတ်ရေကန်ဗျူဟာနဲ့ ရွာတွေကို အဆက်အသွယ်ဖြတ်ထားလို့ စစ်တပ်က လေကြောင်းကနေပဲ ရိက္ခာနဲ့ လက်နက်တွေ ချပေးနေရပါတယ်။ ပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကနေ စစ်ကြောင်းထိုးလာဖို့ ကြိုးစားနေပေမယ့်လည်း AA ဘက်က ပိတ်ဆို့တိုက်ခိုက်နေပါတယ်။
ဒီ နတ်ရေကန်ဗျူဟာတိုက်ပွဲက ရခိုင်နဲ့ မကွေး အဝင်အထွက်လမ်းဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနားမှာရှိပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကတည်းက AA တို့ စတင်ထိုးစစ်ဆင်ခဲ့တာပါ။ အစက စစ်ကောင်စီရဲ့ တပ်မ (၉၉) က ခုခံခဲ့ပေမယ့် အထိနာလွန်းလို့ တပ်မမှူးကို မေလမှာ ပြန်ဖမ်းပြီး လူစားထိုးခဲ့ရတဲ့အထိပါပဲ။ အဲ့ဒီနောက် ဩဂုတ်လမှာ ရှမ်းတောင်အခြေစိုက် စကခ (၁၇) လက်အောက်ခံတပ်တွေ၊ စစ်မှုထမ်းအပတ်စဉ်ဆင်းတွေ၊ နောက်ပိုင်းမှာ တပ်မ (၈၈) ကိုပါ ထပ်ပို့ပြီး အသည်းအသန် ခုခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း AA နဲ့ မဟာမိတ်တွေက စခန်းတွေကို တောက်လျှောက် သိမ်းယူနိုင်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း ကစဉ့်ကလျားထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိတာ၊ အလံဖြူထောင် အလင်းဝင်လာတာတွေ ဆက်တိုက်ရှိနေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလမှာ AA ဘက်က ထုတ်ပြန်ခဲ့ဖူးပါတယ်။
အခုလက်ရှိ စစ်ရေးအခြေအနေ အသေးစိတ်ကိုတော့ AA က တရားဝင် မထုတ်ပြန်သေးပါဘူး။ တချိန်တည်းမှာပဲ AA ဟာ မဟာမိတ်တွေနဲ့အတူ စစ်တွေနဲ့ ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲတွေကိုလည်း အရှိန်မြှင့် ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ အတော်လေး ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
ဓာတ်ပုံ – နတ်ရေကန်ဗျူဟာကို Google Earth မှာ တွေ့ရပုံ
