The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၇ ရက်

ရန်ကုန်မြို့မှာ ဒီကနေ့ (မတ်လ ၇ ရက်) ကစပြီး စစ်ကောင်စီက စက်သုံးဆီချွေတာရေး စီမံချက်ဆိုပြီး ကားနံပါတ် စုံ/မ အလိုက် မောင်းနှင်ခွင့်ကို စတင်စစ်ဆေးနေပါတယ်။ ဒီနေ့ဟာ “မ” ရက် (၇ ရက်နေ့) ဖြစ်တဲ့အတွက် “မ” ဂဏန်းနဲ့ ဆုံးတဲ့ကားတွေပဲ မောင်းခွင့်ရှိပြီး၊ “စုံ” နံပါတ်ကားတွေကိုတော့ ယာဉ်ထိန်းရဲတွေက တားဆီးစစ်ဆေးကာ ပညာပေးကာလလို့ အကြောင်းပြပြီး ငွေညှစ်တောင်းခံတာ တွေ ရှိနေတယ်လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။
“ကျွန်တော့်ကားက စုံနံပါတ်ပါ။ ဒါပေမယ့် လုပ်ငန်းသုံး ဟိုက်ဂျက်ကားလေးပါ။ ပါရမီလမ်းဆုံမှာ ယာဉ်ထိန်းရဲသီးသန့်အဖွဲ့က တားတယ်။ လုပ်ငန်းသုံးကားပါလို့ ပြောတာကို လုပ်ငန်းလိုင်စင် မပါရင် မောင်းခွင့်မပေးဘူးတဲ့။ ပညာပေးကာလမို့လို့ ပြန်လွှတ်ပေးမယ်၊ လက်ဖက်ရည်ဖိုးတော့ ပေးခဲ့ဆိုပြီး တောင်းတယ်။ ကျွန်တော်က ၅၀၀၀ ပေးတော့ မရဘူး၊ ၁ သောင်းပေးရမယ်ဆိုပြီး အတင်းတောင်းသွားတယ်” လို့ ဟိုက်ဂျက်ကားပိုင်ရှင် တစ်ဦးက ပြောပါတယ်။
အလားတူပဲ အင်းစိန်မြို့နယ်၊ ပေါက်တောဝလမ်းဆုံမှာလည်း ဈေးဝယ်ထွက်လာတဲ့ စုံနံပါတ် ဘယ်လ်တာကားတစ်စီးကို ယာဉ်ထိန်းရဲက တားဆီးခဲ့ပါတယ်။ “အင်းစိန်ဈေးဘက် ခဏသွားတာပါ။ ပေါက်တောဝမှာ ကားကိုတားပြီး ဝှီးတက်နဲ့ လိုင်စင်ကို သိမ်းထားလိုက်တယ်။ ပြီးတော့ ငွေ ၂ သောင်းတောင်းတယ်။ အဲဒီငွေပေးမှပဲ ဝှီးတက်နဲ့ လိုင်စင် ပြန်ပေးတယ်” လို့ ကားပိုင်ရှင်က ဆိုပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ တစ်ခွင်မှာ ဌာနပေါင်းစုံပါဝင်တဲ့ (One Stop Service) အဖွဲ့တွေကလည်း ကားတွေနဲ့ နေရာစုံလှည့်လည်ပြီး စစ်ဆေးနေပါတယ်။ “မနက်အစောကြီး တောင်ဥက္ကလာဘက်မှာ ဌာနပေါင်းစုံအဖွဲ့ကို တွေ့ခဲ့တယ်။ နောက်တော့ နေရာရွှေ့သွားတယ်။ မြို့တစ်ခုလုံးကို လှည့်ပတ်စစ်နေတာထင်တယ်” လို့ မြောက်ဒဂုံက တက္ကစီယာဉ်မောင်း တစ်ဦးကလည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီချွေတာရေး လျှို့ဝှက်အမိန့်အရ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာ စုံရက်/မရက် အလိုက် ကားမောင်းနှင်ခွင့်ကို ကန့်သတ်ထားတာပါ။ နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက မတ်လ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်အရ ဒီကိစ္စကို စစ်ဆေးဖို့ One Stop Service အဖွဲ့တွေကို ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ထဲမှာ ထွေအုပ်၊ ရဲ၊ ယာဉ်ထိန်း၊ တရားရေး၊ ဥပဒေရုံး၊ ကညန၊ စည်ပင်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပါဝင်မှာပါ။
မြို့ကြီးတွေမှာ One Stop Service အဖွဲ့ (၂) ဖွဲ့ကနေ (၃) ဖွဲ့အထိ ခွဲပြီး စစ်ဆေးမှာဖြစ်ပြီး ကျန်တဲ့နယ်မြို့တွေမှာတော့ (၁) ဖွဲ့ကနေ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
အခုလက်ရှိ မတ်လ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိကို “ပညာပေးကာလ” အဖြစ် သတ်မှတ်ထား ပါတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကစလို့ နောက်ထပ်အမိန့် မထွက်မချင်း တရားဝင် ဖမ်းဆီး အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးအရေးယူတဲ့အခါ သတ်မှတ်ရက်ကို ဖောက်ဖျက်ပြီး မောင်းနှင်တဲ့ကားတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၁၈၈ နဲ့ တိုက်ရိုက်အရေးယူမှာဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် (၁) လ နဲ့ ငွေဒဏ် ကျပ် ၂ သောင်း “ဒဏ်နှစ်ရပ်လုံး” ကို ချမှတ်သွားမယ်လို့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
