The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၂ရက်

အာဏာသိမ်း စစ်ကော်မရှင်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရသူ ၁၂,၄၈၇ဦးရဲ့ အမှုတွေကို ပိတ်သိမ်းလိုက်ပြီး ထောင်ဒဏ် ချမှတ်ခံထားရသူ ၇,၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ဒီနေ့မှာ ကြေညာပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့ ပုဒ်မ ၅၂ (က)အရ ထောင်ဒဏ် ချမှတ်ခံထားရသူ ၇, ၃၃၇ ဦးတို့ကို ပြစ်ဒဏ်လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာပါ။
ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဖြင့် သူတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုထားတာဖြစ်ပြီး နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမှုအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားအကျဉ်းသူ ၂၈၂၅ ဦးနဲ့ နိုင်ငံခြားသား ၁၀ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
တရားစွဲဆိုခံထားရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူ စုစုပေါင်း ၁၂၄၈၇ ဦးကိုလည်း အမှုရုပ်သိမ်းပေးပြီး အမှုမှ လွှတ်ပေးမယ်လို့ ကြေညာထားပါတယ်။
ဒီနေ့ မတ်လ ၂ ရက်နေ့ မတိုင်ခင်အကျဥ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသူအကျဥ်းသားတွေကိုလည်း ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုမယ်လို့ သိရပါတယ်။
