The Zoland Post – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲက ကုန်ကားရပ်နားရာနေရာကို ဒီကနေ့နံနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ စစ်ရေးအရ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အရပ်သားတွေနဲ့ ကုန်တင်ယာဉ်တွေ စုဝေးရာနေရာကို ဦးတည်ခဲ့တာဖြစ်ပြီး၊ ဒေသတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ အဆိုးရွားဆုံး ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
မတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှာ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးမှာရှိတဲ့ ကုန်ကားရပ်နားစခန်းကို စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး ရောက်ရှိလာပြီး ပေါင် ၃၀၀ ဗုံးသီးတွေ ကြဲချခဲ့သလို စက်လက်နက်တွေနဲ့ပါ အနီးကပ် ပစ်ခတ်သွားခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၅ ဦး နေရာမှာတင် သေဆုံးခဲ့ရပြီး၊ ကျန်ရှိတဲ့ ဒဏ်ရာရသူ ၂၀ ကျော်ထဲက ၉ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ မြေပြင်ကလာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ရပ်နားထားတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ယာဉ် စုစုပေါင်း ၁၄ စီးဟာလည်း ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ ဒေသခံတွေကတော့ နောက်ထပ် တိုက်ခိုက်ခံရမှာကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။
