The Zoland Post – 2026 ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ တပ်စခန်းငယ်အချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်းများက ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BNRA ဘက်မှ ရဲဘော် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၇ နာရီခွဲခန့်မှစတင်ကာ NUG ၏ MOD ခရိုင်တပ်ရင်းများက BNRA ဂိတ်စခန်းများကို လက်နက်ကြီးများ၊ ဒရုန်းဗုံးသီးများနှင့် စက်လက်နက်များအသုံးပြုကာ စစ်ဆင်ရေးသဖွယ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BNRA ခေါင်းဆောင် ဗိုလ်နဂါးက အတည်ပြုပြောကြားသည်။ ၎င်းက “လောလောဆယ်တော့ သူတို့ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းဗုံးတွေ သုံးပြီးတော့ စစ်တပ်ရန်သူ့စခန်းတွေကို တိုက်သလိုမျိုး ဒီစခန်းငယ်တွေကို တိုက်စစ်ဆင်နေတာ။ ကျွန်တော်တို့ဘက်က ရဲဘော် ၁၀ ယောက်လောက် ထိခိုက်သေဆုံးထားတယ်” ဟု ဆိုသည်။
ယင်းတိုက်ခိုက်မှုအတွင်း BNRA ၏ မဟာမိတ်ဖြစ်သော GZA စခန်းတစ်ခုကိုလည်း MOD အမှတ် (၁) စစ်ဒေသ၊ ခရိုင်တပ်ရင်းများက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မြေပြင်သတင်းပို့ချက် တိတိကျကျ မရရှိသေးကြောင်း ပြောဆိုသော်လည်း BNRA အဖွဲ့ဝင်အချို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနိုင်ရန် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း ဘီဘီစီသို့ ဖြေကြားထားသည်။
ဖြစ်စဉ်အစမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော “ကိုကတုံး” သေဆုံးသည့်ကိစ္စနှင့် ဆက်စပ်နေပြီး BNRA ဘက်ကမူ အဆိုပါဖြစ်စဉ်အတွက် တာဝန်ယူကြောင်းနှင့် ဘက်မလိုက်သည့် ကြားခံအဖွဲ့အစည်းတစ်ခုဖြင့် စစ်ဆေးမှုကို လက်ခံရန် အသင့်ရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ သို့သော် NUG လက်အောက်ခံ တပ်ရင်းအချို့၏ ကျူးလွန်မှုများကို အရေးယူခြင်းမရှိဘဲ BNRA ကိုသာ စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းခြင်းအပေါ် ဗိုလ်နဂါးက ဝေဖန်ထောက်ပြထားသည်။
ပုလဲနှင့် ယင်းမာပင်ခရိုင်အတွင်းရှိ MOD တပ်ရင်းများ အင်အားစုဆောင်းနေမှုကို ကြိုတင်သတိပေးခဲ့သော်လည်း ယခုကဲ့သို့ အချင်းချင်းကြား ပစ်ခတ်မှုများ စတင်လာခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရန်လည်း တော်လှန်ရေးအဖွဲ့များက နှိုးဆော်ထားသည်။
