The Zoland Post | ဧပြီ ၂၇၊ ၂၀၂၆

ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အမာခံထောက်တိုင်တစ်ခုဖြစ်သလို လူမှုထူးချွန်ဆု (တတိယဆင့်) တောင် ရရှိထားတဲ့ အုပ်ချုပ်ရေးမှူး တင်မောင်စန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပစ်ခတ်ရှင်းလင်းလိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပဲခူးတိုင်းစစ်ဌာနစု၊ အမှတ် (၂၁) ဗျူဟာ ကွပ်ကဲမှုအောက်က ပြည်ခရိုင်တပ်ရင်း (၂) ရဲဘော်တွေဟာ ပေါင်းတလည်မြို့နယ်၊ ဒွကျေးရွာအနီးမှာ အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်စန်းကို ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ခရိုင်တပ်ရင်း (၂) ရဲဘော် Red Star က “သူ့ကို ရာထူးကနှုတ်ထွက်ဖို့နဲ့ အလင်းဝင်ဖို့ ကျွန်တော်တို့ တောက်လျှောက် သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူက မလိုက်နာတဲ့အပြင် ပြည်သူတွေကို စစ်ကောင်စီနဲ့ပေါင်းပြီး ပိုနှိပ်စက်လာလို့ အခုလို အရေးယူရတာပါ” လို့ ရှင်းပြထားပါတယ်။
သေဆုံးသူ အုပ်ချုပ်ရေးမှူး တင်မောင်စန်းဟာ NLD အစိုးရလက်ထက်ကတည်းက ရွေးချယ်ခံရသူဖြစ်ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်ရဲ့ လက်ပါးစေ ဖြစ်လာခဲ့သူပါ။ သူဟာ ဒေသတွင်းမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ၊ ရဲနဲ့ပေါင်းပြီး ပြည်သူကို အနိုင်ကျင့်တာ၊ ခရီးသွားတွေနဲ့ လောင်းကစားဒိုင်တွေဆီက ငွေညှစ်တာတွေအပြင် စစ်တပ်ခန့် တိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းနဲ့ပါ ရင်းနှီးမှုယူပြီး ပြည်သူတွေကို မောက်မာရိုင်းပြခဲ့သူလို့ ဆိုပါတယ်။
“မျိုးဆွေဝင်းနဲ့က အာဏာသိမ်းပြီးနောက်ပိုင်း တော်တော်ပတ်သက်လာတာ။ ဝက်ထီးကန်ဘက်ကို မျိုးဆွေဝင်း ၃-၄ ခေါက်လောက် လာတာတောင် တွေ့ရတယ်” လို့ ရဲဘော် Red Star က ဖြည့်စွက်ပြောထားပါတယ်။
ပြည်ခရိုင်တပ်ရင်း (၂) ကတော့ တခြားသော အုပ်ချုပ်ရေးမှူးတွေကိုလည်း “ပြည်မြို့နယ်က အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံး နှုတ်ထွက်ကြပါ။ အခု အသစ်ရွေးမယ့် နေရာတွေမှာလည်း ဘယ်သူမှ ဝင်မပြိုင်ကြပါနဲ့။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ မြို့ပြကိုရောက်ဖို့ ရပ်ကျေးတွေကို ခြေချနေပါပြီ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြတ်ပြတ်သားသား အရေးယူသွားမှာဖြစ်လို့ ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့လည်း အလေးအနက် တိုက်တွန်းထားကြောင်း သိရပါတယ်။
