The Zoland Post | ဧပြီ ၂၇၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းမှာ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်များကို ရည်စူးပြီး ဒုတိယအကြိမ်မြောက် စုပေါင်းရှင်ပြုအလှူနဲ့ စေတီတော်များ ပြုပြင်မွမ်းမံခြင်း ကုသိုလ်တော် အခမ်းအနား ကျင်းပခဲ့ကြောင်း တမူးခရိုင်၊ အမှတ် (၂) တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
တမူးခရိုင်၊ အမှတ် (၂) တပ်ရင်းမှ ရဲဘော်၊ ရဲမေများနဲ့ တော်လှန်ရေးမိသားစုများ စုပေါင်းပြီး တမူးခရိုင်၊ မြို့သစ်မြို့နယ် ဦးအောင်ဇေယျကျေးရွာနဲ့ စိုးသာယာကျေးရွာတို့မှာ တည်ထားကိုးကွယ်တဲ့ စေတီတော် ၄ဆူအား ပြုပြင်မွမ်းမံကာ ရွှေသင်္ကန်းနဲ့ ထီးတော်များ တင်လှူပူဇော်ခဲ့ကြတာဖြစ်ပါတယ်။
ပြုပြင်မွမ်းမံ ပူဇော်ခဲ့သည့် စေတီတော်များမှာ ရှေးဟောင်းသမိုင်းဝင် ရွှေဥဒေါင်းစေတီတော်၊ အောင်မြေရတနာသိဒ္ဓိစေတီတော်၊ အောင်တော်မူစေတီတော်နဲ့ ဆုတောင်းပြည့်စေတီတော် တို့ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ အလှူတော်မင်္ဂလာကို ကဆုန်လဆန်း ၇၊ ၈၊ ၉ ရက်နေ့တွေမှာ သုံးရက်တိုင်တိုင် ကျင်းပခဲ့တာဖြစ်ပြီး တမူးခရိုင်အမှတ် (၂) တပ်ရင်းမှ ကျဆုံးလေပြီးသော ရဲဘော်များဖြစ်ကြတဲ့ ရဲဘော်စိုးမြင့်သူ၊ ရဲဘော်အာကာထက်၊ ရဲဘော်စစ်နိုင်အောင်၊ ရဲဘော်ဇင်မင်းဦး၊ ရဲဘော်ဝေယံမင်း၊ ရဲဘော်မြတ်ထွန်းသန့်၊ ရဲဘော်ခိုင်အင်တုန်၊ ရဲဘော်မန်ကျုံးထန်၊ ရဲဘော်လွန်မင်ထန်၊ ရဲဘော်ကျော်ဇင်လင်း၊ ရဲဘော်ကောင်းခန့်ဖြိုးနှင့် ရဲဘော်ကျော်မျိုးသန့်တို့ကို ရည်စူးကာ ကုသိုလ်အမျှ ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့နဲ့အတူ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ပြီး မြင့်မြတ်စွာ ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်တွေကို အမြဲသတိရနေမှာပါ။ သူတို့အတွက် ရည်စူးပြီး ဒီသာသနာ့အလှူတော်ကို တပ်ရင်းမိသားစုတွေ စုပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်” ဟု အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။
အခုပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို နိုင်ငံတစ်ဝှမ်းလုံးရှိ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းတွေနဲ့ တော်လှန်ပြည်သူများအားလုံး ထပ်တူထပ်မျှ ရရှိကြပါစေကြောင်း တမူးခရိုင်၊ အမှတ် (၂) တပ်ရင်းမှ ရဲဘော်၊ ရဲမေများက ဆုတောင်းမေတ္တာ ပို့သထားပါတယ်။
တမူးခရိုင်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တပ်ရင်း ၆ရင်း ရှိပြီး တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နဲ့မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကထိန်းချုပ်ထားကာ စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ။ ။ တမူးခရိုင်၊ အမှတ် (၂)
ပုံစာ။ ။ တမူးခရိုင်အတွင်းမှာ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်များကို ရည်စူးပြီး ဒုတိယအကြိမ်မြောက် စုပေါင်းရှင်ပြုအလှူနဲ့ စေတီတော်များ ပြုပြင်မွမ်းမံခြင်း ကုသိုလ်တော် အခမ်းအနားမြင်ကွင်း
