The Zoland Post | ဧပြီ ၂၇၊ ၂၀၂၆

ချင်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှာ ဒီကနေ့မှစတင်ကာ နောက်ထပ် ၂ ရက်ဆက်တိုက် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
မိုးလေဝသတိုင်းထွာချက်များအရ ချင်းပြည်နယ်မှာ မနက်ဖြန် ဧပြီလ ၂၈ရက်နေ့အထိ နေရာအနှံ့အပြား မိုးရွာသွန်းရန် ရာနှုန်း ၈၀ အထိ ရှိနေတဲ့ အပြင်၊ ဧပြီလ ၂၉ ရက်နေ့အထိလည်း နေရာကျဲကျဲ ဆက်လက်မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်အတွင်း မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်လို့ အထူးသတိပြုရန် လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ။
ဒေသခံပြည်သူများအနေနဲ့ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းတို့ ရှိလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ချင်းပြည်နယ်ရဲ့ နေ့အပူချိန်မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်ခန့် ပိုမိုမြင့်တက်နေခဲ့သော်လည်း အခုလို မိုးရွာသွန်းမှုများကြောင့် အပူရှိန် အနည်းငယ် လျော့ပါးသွားနိုင်ခြေရှိကြောင်း သိရပါတယ်။
ဒါကြောင့် ချင်းပြည်နယ်ရှိ တောင်ပေါ်ဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ မိဘပြည်သူများအနေနဲ့ ၂ ရက်ဆက်တိုက် ရွာသွန်းနိုင်တဲ့ မိုးနဲ့အတူ ပါလာနိုင်တဲ့ လေပြင်းဘေးနဲ့ မိုးကြိုးဘေးအန္တရာယ်များကို အထူးဂရုစိုက် စောင့်ကြည့်ကြပါရန် The Zoland Post က နှိုးဆော်အပ်ပါတယ်။
