The Zoland Post | ဧပြီ ၂၅၊ ၂၀၂၆

ချင်းညီနောင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားခဲ့တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီဘက်က ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်သွားပြီလို့ သိရပါတယ်။
ဒီကနေ့ ဧပြီလ ၂၅ ရက်၊ မနက် ၃ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့ထဲက တပ်ကုန်းနဲ့ ဆူရ်းဘုန်လေယာဉ်ကွင်းထဲကို ပြန်လည်ဝင်ရောက် နေရာယူနိုင်ခဲ့တာဖြစ်တယ်လို့ ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းနိုင်ဂျွန်းကိမ်းနဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက The Zoland Postကို အတည်ပြုပြောပါတယ်။
စစ်ကောင်စီဘက်က မြေပြင်အင်အား ၂၀၀၀နီးပါးအပြင် လေကြောင်းပစ်ကူတွေကိုပါ အဆမတန်သုံးပြီး အသည်းအသန် ထိုးစစ်ဆင်ခဲ့တာလို့ သိရပါတယ်။
ဖလမ်းမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ရက်နေ့က ချင်းညီနောင် (Chin Brothers) အဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၅လနီးပါးကြာတိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ထားခဲ့တာပါ။
ဒါကို ပြန်ရဖို့အတွက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၇ ရက်ကတည်းက စတင်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ၇ လနီးပါးကြာအောင် အချိန်ယူ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ကလေးမြို့ အနောက်ဘက် သိုင်းငင်းလမ်းကြောင်းကနေ တစ်ကြောင်း၊ နောက်ပြီး ကလေး-နတ်ချောင်းနဲ့ ဂန့်ဂေါ-ဝေဘူလဘက်ကနေ တစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ အင်အားအလုံးအရင်း သုံးခဲ့တာပါ။
လမ်းတစ်လျှောက်မှာ ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC) ပူးပေါင်းတပ်တွေက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြလို့ မြေပြင်တိုက်ပွဲတွေဟာ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အထိနာလာတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တာတွေကို အသည်းအသန် လုပ်ဆောင်ခဲ့ပြီးနောက် ဧပြီလ ၂၄ ရက် မနက်အစောပိုင်းမှာ မြို့ပေါ်ကို စတင်ဝင်ရောက်လာခဲ့က ဒီနေ့မနက်မှာတော့ မြို့ကို ပြန်လည်ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း လမ်းကြောင်းတစ်လျှောက် တိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးမှာ အကျအဆုံးတွေရှိခဲ့ပြီး လောလောဆယ် ဖလမ်းမြို့ထဲမှာ စစ်ကောင်စီတပ်တွေ ပြန်နေရာယူထားပေမဲ့ မြို့ပတ်ဝန်းကျင်မှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးတင်းမာမှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က လော်ဘီချန်နယ်တွေကလည်း ချင်းပြည်နယ် ၊ ဖလမ်းမြို့ရှိ စစ်သွေးကြွ အကြမ်းဖက်အုပ်စုများကို တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ပြီး ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်းလေဆိပ်ကို ယနေ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။
