The Zoland Post | မေ ၆ ရက်၊ ၂၀၂၆

မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံ (ASEAN) အထူးကိုယ်စားလှယ်တို့ကို တိုက်ရိုက်တွေ့ဆုံခွင့်ပေးဖို့ ဖိလစ်ပိုင်အစိုးရက မြန်မာစစ်အုပ်စုကို ဒီကနေ့ မေလ ၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ထရီဆာ လာဇာရိုတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ပေးဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုတွေ့ဆုံခွင့်ပေးတာဟာ နိုင်ငံရေးအရ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် သက်ဆိုင်သူတွေအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ရမယ့် အထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍနဲ့ ကိုက်ညီမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာနဲ့ နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေးအတွက် ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးတဲ့ ခြေလှမ်းတွေအဖြစ် ဖိလစ်ပိုင်အစိုးရက ရှုမြင်ထားပါတယ်။
အာဆီယံရဲ့ ငြိမ်းချမ်းရေးမူဘောင်ဖြစ်တဲ့ “မူဝါဒ ငါးချက်” (Five-Point Consensus) ကို အကောင်အထည်ဖော်ဖို့အတွက်လည်း အခုဖြစ်ပေါ်တိုးတက်မှုတွေကို အရှိန်အဟုန်တစ်ခုအဖြစ် အသုံးချသင့်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့မိသားစုနဲ့ ပြန်လည်ဆက်သွယ်ခွင့်ရဖို့ အပါအဝင် အခုကိစ္စတွေမှာ ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ DFA က စစ်အုပ်စုကို တောင်းဆိုထားပါတယ်။ အဲဒီလို လုပ်ဆောင်ပေးတာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် စစ်မှန်တဲ့ ကတိကဝတ်ကို ပြသရာရောက်လိမ့်မယ်လို့လည်း ထုတ်ပြန်ထားကြောင်း သိရပါတယ်။
Source: Philippine Department of Foreign Affairs (DFA)
