The Zoland Post | မေ ၆ ရက်၊ ၂၀၂၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက အလေးထားစောင့်ကြည့်နေသလို သူမကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီကနေ့မှာ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
အခုလို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိသားစုနဲ့ လွတ်လပ်စွာ ဆက်သွယ်ခွင့်ရဖို့၊ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ရှိဖို့နဲ့ သင့်လျော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ သေချာပေါက် ရရှိဖို့အတွက်လည်း မျှော်လင့်တယ်လို့ သံရုံးဘက်က ဆိုပါတယ်။
ဒါ့အပြင် ဩစတြေးလျသံရုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကိုလည်း ချက်ချင်းပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုနေတယ်လို့ သိရပါတယ်။ မြန်မာပြည်အတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အဟန့်အတားမရှိ လုံခြုံစွာ ပေးပို့ခွင့်ပြုဖို့ကိုလည်း ထပ်လောင်း တိုက်တွန်းထားပါတယ်။
အဓိကအနေနဲ့ကတော့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်သွားဖို့ကိုလည်း ဩစတြေးလျသံရုံးကနေ တိုက်တွန်း ထုတ်ပြန်ထားပါတယ်။
