The Zoland Post | ဧပြီ ၄ ၊ ၂၀၂၆

ချင်းပြည်နယ်၊ တီးတိန်-ကလေးလမ်းပေါ်က ထန်မွှာလ်တောင် ဒေသအခေါ် လေထန်ကုန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား မေလ ၂ ရက်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကလေးမြို့ဘက်ကနေ တီးတိန်ဘက်ကို အင်အားဖြည့်ဖို့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းညီနောင်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲ ၃ရက်ဆက်တိုက်ဖြစ်ပွားလာတာဖြစ်ပါတယ်။
ဒီတိုက်ပွဲအတွင်းမှာပဲ မနေ့က ညနေပိုင်းမှာ CDF-Mindat က ရဲဘော်တစ်ဦးနဲ့ PDF-Zoland က အသက် ၂၁ နှစ်အရွယ် ရဲဘော် လန့်ခန့်ဆွင်း အပါအဝင် စုစုပေါင်း ချင်းတော်လှန်ရေးရဲဘော် ၄ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ မြေပြင်မှာ အထိနာနေတာကြောင့် လေယာဉ်ပစ်ကူတွေအပြင် တီးတိန်နဲ့ကလေးမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
မနေ့က မိုးတွေအရမ်းရွာနေတဲ့ကြားထဲက လေယာဉ်နဲ့ ၃ ကြိမ်လာပြီး ဗုံး ၆ လုံးထက်မနည်း ကြဲချသွားသလို ဒီကနေ့ မေလ ၄ ရက် မနက်ပိုင်းမှာလည်း လေယာဉ်နဲ့ ထပ်ပြီးဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂ရက်နေ့ကလည်း တီးတိန်မြို့အဝင်မှာရှိတဲ့ Zoland Petrol Pump ဓာတ်ဆီဆိုင်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၃နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း မြို့ဒေသခံတွေဆီက သိရပါတယ်။
