The Zoland Post | ဧပြီ ၁ ၊ ၂၀၂၆

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့ကို စစ်ကောင်စီတပ်က ဧပြီလ ၃၀ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေဆီက သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ လက်အောက်မှာ ၈ လခန့် ရှိနေခဲ့တဲ့ အင်းတော်မြို့ကို စစ်ကောင်စီတပ်က ဧပြီလ နောက်ဆုံးပတ်မှစတင်ပြီး ကသာမြို့နဲ့ နဘားလမ်းဆုံတို့မှတစ်ဆင့် မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ အပြင်းအထန် အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အင်းတော်မြို့ပတ်ဝန်းကျင်ရှိ မော်လူး၊ နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတောနဲ့ နန်းတောင် စတဲ့ကျေးရွာများမှ ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာလည်း လက်ရှိမှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ အင်းတော်မြို့ကို အလုံးစုံပြန်လည်ရရှိပြီဖြစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ရဲ့ ရုပ်အလောင်းများနဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း ဓာတ်ပုံတွေနဲ့ ဝါဒဖြန့်ဖော်ပြထားတာကို တွေ့ရပါတယ်။
အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်နယ်စပ် ရွှေဘို-မြစ်ကြီးနား လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။
အဆိုပါမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက ကျောင်းသားတပ်မတော် (ABSDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF ပူးပေါင်းတပ်ဖွဲ့တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။
