The Zoland Post | ဧပြီ ၂၉၊ ၂၀၂၆

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) အတွင်းရှိ ပင်မလက်နက်ခဲယမ်းတိုက်ကို တော်လှန်ရေးအင်အားစုတွေက ဧပြီလ ၁၉ ရက်နေ့မှာ အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ရေးပြောက်ကျားတပ်ဖွဲ့ (UG) နဲ့ စစ်တပ်အတွင်းက ဖရဲသီး (သတင်းပေး) တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်နက် ၂၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဏ္ဏဝါရပ်ကွက်မှာရှိတဲ့ စကခ (၁၉) တပ်မဌာနချုပ်အတွင်းကို တော်လှန်ရေးအင်အားစုတွေက စနစ်တကျ ထိုးဖောက်ဝင်ရောက်ပြီး ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ လက်နက်တိုက်ကို စတင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ရဲ့ အမှတ် (၈၀၀၁) တပ်ရင်း (ရေးပြောက်ကျားတပ်ဖွဲ့) နဲ့ မြို့တွင်း UG အဖွဲ့တွေက စစ်တပ်အတွင်းက တော်လှန်ရေးလိုလားတဲ့ ဖရဲသီးတွေနဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့တာပါ။
“ဒီစစ်ဆင်ရေးအတွက် အချိန်နဲ့ ငွေကြေး အမြောက်အမြား အသုံးပြုခဲ့ရသလို ရန်သူ့သတင်းတွေကိုလည်း စနစ်တကျ စုဆောင်းပြီးမှ လုပ်ဆောင်ခဲ့တာပါ” လို့ တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လက်နက်တိုက်အတွင်းရှိ ဒရုန်းဗုံးသီးတွေနဲ့ လက်နက်ကြီးကျည်တွေ ပေါက်ကွဲခဲ့ပြီး မီးကူးစက်မှုကြောင့် ရိက္ခာစတိုး၊ သက်သာဆိုင်နဲ့ တခြားလက်နက်တိုက်တွေပါ မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၂၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရသလို စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး နောက်တစ်နေ့မှာတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် ကိုယ်တိုင် ရဟတ်ယာဉ်နဲ့ လာရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီလို လာရောက်ချိန်မှာ ခလရ (၆၁) တပ်ရင်းက ဗိုလ်မှူးဟိန်းစံကိုလည်း ဘဏ်ကအပ်နှံတဲ့ ငွေကျပ် သိန်း ၄၀၀ ခိုးယူမှုနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေကတော့ “မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းတာမျိုး မလုပ်ကြဖို့ သတိပေးလိုပါတယ်။ ပူးပေါင်းတာမျိုး တွေ့ရှိရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ခံရပါလိမ့်မယ်” လို့ ပြောပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာတော့ ပျက်စီးသွားတဲ့ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီက စစ်ပစ်ကွင်းမှာ ထပ်မံဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
