The Zoland Post | ဧပြီ ၂၈၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ပေါခလိုးမြစ်ဝှမ်းဒေသကို ဌာနေလူမျိုးစုတွေ ကိုယ်တိုင်စီမံခန့်ခွဲမည့် “ဌာနေလူမျိုးစု ထိန်းသိမ်းနယ်မြေ” အဖြစ် ဧပြီလ ၂၇ ရက်နေ့မှာ တရားဝင် အတည်ပြု ကြေညာလိုက်ပါတယ်။
ဒီနယ်မြေ သတ်မှတ်ခြင်း အခမ်းအနားကို ဧပြီလ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့တာဖြစ်ပြီး ဒေသခံ ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်မှာရှိတဲ့ ပေါခလိုးမြစ်ဝှမ်းဒေသကို “ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေ” အဖြစ် သတ်မှတ်လိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဒီလို သတ်မှတ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး “ဌာနေလူမျိုးစုတွေအနေနဲ့ မိမိတို့ရဲ့ တောတောင်နယ်မြေနဲ့ သယံဇာတတွေကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်ဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးနိုင်ဖို့နဲ့ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလာတဲ့ ရိုးရာယဉ်ကျေးမှုတွေကို နောင်မျိုးဆက်သစ်တွေအထိ လက်ဆင့်ကမ်း စောင့်ရှောက်သွားနိုင်ဖို့ ဖြစ်ပါတယ်” လို့ KNU က ဆိုပါတယ်။
၃ ရက်ကြာ ကျင်းပခဲ့တဲ့ အဆိုပါ အခမ်းအနားကို KNU ဗဟို သစ်တောဌာနမှူး ပဒိုမန်းဘထွန်း၊ မြိတ်-ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလို့စိုးဝင်းနဲ့ တာဝန်ရှိသူများ၊ ဌာနေလူမျိုးစု ခေါင်းဆောင်တွေအပြင် ပေါခလိုးမြစ်ဝှမ်းဒေသက ရွာသူရွာသား ၁,၀၀၀ ကျော် စုစုပေါင်း တက်ရောက်ခဲ့ကြပြီး နယ်မြေသတ်မှတ်ခြင်းကို ဝိုင်းဝန်းအတည်ပြုခဲ့ကြတာပါ။
ဒီလုပ်ရပ်ဟာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုခြင်း ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို ဒေသခံတွေရဲ့ လက်နဲ့ တိုက်ရိုက်ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။
