The Zoland Post | ဧပြီ ၂၈ ၊ ၂၀၂၆

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ သစ္စာရှိစွာ တိုက်ပွဲဝင်နေကြတဲ့ သက်ကြီးဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (ccscsfu)က ထောက်ပံ့ကန်တော့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ထောက်ပံ့ကန်တော့မှုကို အသက် ၆၂နှစ်နဲ့ အထက် ဝန်ထမ်းများကို အခြေခံပြီး မြို့နယ် ၁၁ မြို့နယ်မှ စုစုပေါင်း ၁၇၀ ဦးကို ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၁၀၀,၀၀၀ စီထောက်ပံ့ပေးခဲ့တာလို့ ccscsfu ဧပြီ ၂၇ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဒီပဲယင်းမြို့နယ်မှာ ၂၈ ဦး၊ ချောင်းဦးမြို့နယ်မှာ ၂၃ ဦး၊ ရေဦးမြို့နယ်မှာ ၂၁ ဦး၊ စစ်ကိုင်းမြို့နယ်မှာ ၂၁ ဦး၊ အရာတော်မြို့နယ်မှာ ၁၈ ဦး၊ တန့်ဆည်မြို့နယ်မှာ ၁၄ ဦး၊ ခင်ဦးမြို့နယ်မှာ ၁၃ ဦး၊ ယင်းမာပင်မြို့နယ်မှာ ၁၀ ဦး၊ ပင်လည်ဘူးမြို့နယ်မှာ ၆ ဦး၊ ကျွန်းလှမြို့နယ်မှာ ၅ ဦး၊ မော်လိုက်မြို့နယ်မှာ ၁ ဦး တို့ကို ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီအနေနဲ့ ကျန်ရှိနေသေးတဲ့ သက်ကြီး CDM ဝန်ထမ်းများကိုလည်း ထောက်ပံ့ပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
အခုလို အဆင်ပြေချောမွေ့စွာ ထောက်ပံ့နိုင်ရန်အတွက် ပါဝင်ကူညီကြတဲ့ အလှူရှင်တွေနဲ့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပေးကြသူများအားလုံးကိုလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (ccscsfu)က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ပြောကြားထားပါတယ်။
