The Zoland Post – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ ခေါင်းဆောင် ဗိုလ်နဂါး (ခ) နိုင်လင်းသည် မိသားစုဝင်အချို့၊ နောက်လိုက်အချို့နှင့်အတူ လက်နက်ခဲယမ်းများယူဆောင်ကာ စစ်ကောင်စီထံ အလင်းဝင်ရောက်သွားကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဗိုလ်နဂါးနှင့်အဖွဲ့ စစ်တပ်ထံ ပူးပေါင်းလာသည့် သတင်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့ပြီးနောက် လူထုအကြား အံ့အားသင့်မှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဗိုလ်နဂါးသည် သေနတ် ၆ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသော်လည်း People’s Spring သတင်းဌာန၏ စုံစမ်းချက်အရ ဗိုလ်နဂါးနှင့် မိသားစုဝင်များကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က “ဒါဟာ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား စစ်ကောင်စီက ကြားဖြတ်ဒိုင်စားတာမျိုး မဟုတ်ပါဘူး။ နဂိုကတည်းက သူတို့မြှုပ်ထားတဲ့ အပင်းကို သူတို့ဘာသာ ပြန်နှုတ်သွားတာမျိုးပဲ ဖြစ်တယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပြု ရေးသားထားသည်။
အလားတူ PDF အထူးတိုင်းစစ်ဌာန၊ ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားကလည်း ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းသွားမှုကြောင့် “တော်လှန်ရေးလှေဦး ပေါ့သွားတာပေါ့” ဟု ဆိုကာ ယင်းဖြစ်ရပ်သည် တော်လှန်ရေးအင်အားစုများအတွက် သန့်စင်သွားသည့် အခင်းအကျင်းတစ်ရပ် ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များနှင့် ဗိုလ်နဂါးဦးဆောင်သော BNRA တို့အကြား စစ်ရေးအရ တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဗိုလ်နဂါးတစ်ဦးတည်း စစ်တပ်ထံ ပူးပေါင်းသွားသည့် ဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
တော်လှန်ရေးကာလတစ်လျှောက် လူသိများခဲ့သည့် ခေါင်းဆောင်တစ်ဦး၏ ယခုလုပ်ရပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အခင်းအကျင်းအပေါ် မည်သို့သက်ရောက်မှုရှိလာမည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။
