The Zoland Post | ၂၂ နိုဝင်ဘာ ၂၀၂၆
ဝေဟင်ထက်
စစ်ကောင်စီရဲ့ “အမျိုး ဘာသာ သာသနာ” ဆိုတာ အာဏာတည်မြဲရေအတွက် ဝါဒဖြန့်မှုသက်သက်ဟု ဒေါက်တာတေဇာဆန်း ပြော

စစ်ကောင်စီက သူတို့ကိုယ်သူတို့ “အမျိုး၊ ဘာသာ၊ သာသနာ” ကို ကာကွယ်စောင့်ရှောက်နေသူတွေပါလို့ ကြွေးကြော်နေပေမယ့် လက်တွေ့မှာတော့ အာဏာသက်ဆိုးရှည်ဖို့အတွက် သက်သက် အသုံးချဝါဒဖြန့်နေတာသာဖြစ်ပြီး စစ်အာဏာရှင်စနစ်ဟာ တပ်မတော်သားတွေအပါအဝင် ပြည်သူအားလုံးရဲ့ ဘုံရန်သူဖြစ်တယ်လို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောကြားလိုက်ပါတယ်။
ဒေါက်တာတေဇာဆန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားရာမှာ စစ်အုပ်စုရဲ့ ဘာသာရေးဆိုင်ရာ ဝါဒဖြန့်မှုတွေနဲ့ လက်တွေ့လုပ်ရပ်တွေ ကွဲလွဲနေပုံကို အဓိကထား ထောက်ပြဝေဖန်ထားတာပါ။
စစ်အုပ်စုဟာ သူတို့ရဲ့ အာဏာကို စိန်ခေါ်လာပြီဆိုရင် ဗုဒ္ဓသာသနာမှာ ထင်ရှားတဲ့ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဦးရာဇဓမ္မ၊ တောင်မြို့ဆရာတော်ကြီး ဦးသုမင်္ဂလနဲ့ ဝဋံသကာ ဆရာတော်ကြီး ဦးအရိယာဝံသတို့လို ဆရာတော်ကြီးတွေကိုတောင် အတင်းအဓမ္မ ဖမ်းဆီးထောင်ချခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“အကြမ်းဖက်စစ်အုပ်စုသည် ဒီနိုင်ငံမှာ အမျိုး၊ ဘာသာ၊ သာသနာမျိုးစုံရဲ့ တကယ့် ‘ဓမ္မန္တရာယ်’ အစစ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်သာပါတယ်” လို့ ဒေါက်တာတေဇာဆန်းက ရေးသားထားပါတယ်။
ဒါ့အပြင် ဗမာလူမျိုးနဲ့ ဗုဒ္ဓသာသနာရဲ့ အမာခံနယ်မြေဖြစ်တဲ့ အညာဒေသမှာတောင် စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို နေ့စဉ်မီးရှို့ဖျက်ဆီးတာ၊ ဘုရားစေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲတာအပြင် သံဃာတော်တွေနဲ့ အရပ်သားတွေကို သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ သူက ထောက်ပြပါတယ်။
ဗမာလူမျိုးနဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ်မှာတောင် ဒီလောက်ရက်စက်နေရင် အခြားတိုင်းရင်းသားနဲ့ ဘာသာဝင်တွေအပေါ် ကျူးလွန်မှုတွေဟာ ပိုပြီးဆိုးရွားနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
တစ်ဆက်တည်းမှာပဲ လက်ရှိမြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာပေါင်းစုံရဲ့ အရင်းခံဟာ စစ်အာဏာရှင်စနစ်သာဖြစ်ပြီး ဒီစနစ်ဟာ သာမန်ပြည်သူတွေသာမက တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးစေနေတယ်လို့ ဒေါက်တာတေဇာဆန်းက အလေးပေး ပြောဆိုပါတယ်။
“ဒီတိုင်းပြည်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များအပါအဝင် အမျိုး၊ ဘာသာ၊ သာသနာမျိုးစုံက ပြည်သူပြည်သားအပေါင်းအတွက် ထာဝရနှင့် တစ်ဦးတည်းသော ရန်သူအစစ်အမှန်မှာ စစ်အာဏာရှင်စနစ်သာ ဖြစ်သည်” လို့ ၎င်းက ဆိုပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ တိုင်းပြည်ကို ချောက်နက်ထဲ ထိုးဆင်းစေခဲ့တာဖြစ်ပြီး စစ်ဗျူရိုကရေစီယန္တရားနဲ့ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ဖျက်ရေးဟာ အားလုံးရဲ့ “ဘုံလုပ်ငန်းစဉ်” ဖြစ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ “ဘုံပန်းတိုင်” ဖြစ်တာကြောင့် အတူတကွ ဆက်လက်ချီတက်ကြဖို့ ဒေါက်တာတေဇာဆန်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။
