The Zoland Post | ဧပြီ ၂၈၊ ၂၀၂၆

မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ပြီး ခြေကုပ်ယူထားနိုင်ပြီဖြစ်သလို ရန်သူ့အသည်းနှလုံးဖြစ်တဲ့ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံ (ကပစ) များကို ထိုးစစ်ဆင်ကာ လွတ်မြောက်နယ်မြေများအဖြစ် ဖော်ဆောင်သွားမယ်လို့ SAF စစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။
ကျောင်းသားတပ်ဦး / ကျောင်းသားလက်ရုံးတပ်တော် (SAF)ရဲ့ (၅) နှစ်မြောက် တပ်တော်နေ့ အထိမ်းအမှတ်နေ့မှာ စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက ရဲဘော်တွေကို မိန့်ခွန်းပြောကြားရာမှာ ဒီလို ထည့်သွင်းပြောဆိုခဲ့တာပါ။
” ဒီနှစ်မှာ ရန်သူရဲ့ အသည်းနှလုံးနေရာဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ပြီး အတိုင်းအတာတစ်ခုထိ ခြေကုပ်ယူထားနိုင်ခဲ့ပြီ ဖြစ်တယ်။ ဆက်လက်ပြီးလည်း ရန်သူရဲ့ အသည်းနှလုံး ကပစ တွေကို ခြိမ်းခြောက် စစ်ဆင်ကြမယ်။ ဒီနှစ်မှာ ငါတို့ဟာ မြန်မာပြည်အလယ်ပိုင်းမှာ လူထုအာဏာထူထောင်နိုင်တဲ့ လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်ရေးကို ဆောင်ရွက်သွားကြမယ် ။ ဒီလို ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဟာ နိုင်ငံရေးအားဖြင့် ခိုင်မာအားကောင်းသည့် ရဲဘော်တွေ ဖြစ်လာရေး လေ့လာတည်ဆောက်ကြရမည် ဖြစ်သလို ၊ စစ်ရေးအားဖြင့်လည်း တိုးတက်လာတဲ့ စစ်နည်းပညာတွေ ၊ တိုက်ခိုက်ရေး နည်းပညာတွေကို လေ့ကျင့် ဖြည့်ဆည်းသွားကြရမှာ ဖြစ်တယ် ။ ဒါ့အပြင် မိမိတို့ရဲ့ မဟာမိတ်အဖွဲ့အစည်းများနဲ့ လက်တွဲပြီး နိုင်ငံရေး / စစ်ရေး တပ်ပေါင်းစုကြီးဖြစ်ပေါ်လာရေး ကြိုးပမ်းရမှာ ဖြစ်သလို ဒီတပ်ပေါင်းစုကြီးနဲ့အတူ လွတ်မြောက်ရေးလမ်းကို ဖောက်ကြမယ်” လို့ စစ်ဦးစီးချုပ် က ပြောတာဖြစ်ပါတယ်။
မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ လူထုအာဏာ ထူထောင်နိုင်မယ့် လွတ်မြောက်နယ်မြေများပေါ်ပေါက်လာအောင် နိုင်ငံရေးအရ ခိုင်မာတဲ့ ရဲဘော်တွေဖြစ်အောင် တည်ဆောက်ကြဖို့၊ တိုးတက်လာတဲ့ စစ်နည်းပညာနဲ့ တိုက်ခိုက်ရေး နည်းပညာတွေကို အမြဲမပြတ် လေ့ကျင့် ဖြည့်ဆည်းသွားကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက မိမိတို့အင်အားသာမကဘဲ မဟာမိတ် အဖွဲ့အစည်းတွေနဲ့ပါ လက်တွဲပြီး ခိုင်မာတဲ့ နိုင်ငံရေး / စစ်ရေး တပ်ပေါင်းစုကြီး တစ်ရပ် ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမှာဖြစ်သလို အဲဒီ တပ်ပေါင်းစုကြီးနဲ့အတူ လွတ်မြောက်ရေးလမ်းကို အတူတကွ ဖောက်ကြမယ်လို့လည်း ဆိုပါတယ်။
တော်လှန်ရေးဆိုတာ စိတ်ခံစားချက်ထက် လူထုကို မှီခိုစည်းရုံးပြီး ပကတိ အခြေအနေတွေအပေါ် အခြေခံကာ စနစ်တကျ တည်ဆောက်ရမယ့် ရေရှည်ခရီးဖြစ်ကြောင်း၊ ဒါကြောင့် စိတ်ကူးယဉ်မှုနဲ့ မကိုက်ညီတဲ့ ဖြစ်ရပ်တွေ ကြုံလာရရင်လည်း စိတ်မပျက်ဘဲ၊ အောင်မြင်မှုတွေ ရလာရင်လည်း ဘဝင်မမြင့်ကြဖို့ ရဲဘော်တွေကို သတိပေးခဲ့ပါတယ်။
ကျောင်းသားတပ်ဦး / ကျောင်းသားလက်ရုံးတပ်တော် (SAF)ရဲဘော်များအနေနဲ့ အသက်၊ ခန္ဓာကို တိုင်းပြည်နဲ့ လူထုအတွက် ရေရှည်မြှုပ်နှံပြီး လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ဆီသို့ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းထားပါတယ်။
ဧပြီလ ၂၇ ရက်မှာ ကျရောက်တဲ့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် တည်ထောင်ခြင်း (၅) နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားကို တပ်တော်ရဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ အကျဥ်းချုံး ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
တပ်တော် (၅) နှစ်ပြည့် အထိမ်းအမှတ်နေနဲ့ ဖမ်းဆီးရရှိထားတဲ့ အကျဥ်းသား သုံ့ပန်းများကို ပြစ်ဒဏ်လျော့ပေါ့ပေးတဲ့အပြင် သုံ့ပန်း ၁၁ဦးကို နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့
ကျောင်းသားတပ်ဦး / ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ထားပါတယ်။
