The Zoland Post | ဧပြီ ၂၈၊ ၂၀၂၆

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၁၁) တပ်ရင်းဟာ မကြာသေးခင်ကမှ အသစ်ဖွဲ့စည်းလိုက်တဲ့ “အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)” မှာ ပူးပေါင်းပါဝင်လိုက်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် နောက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေမှာ “KNDF အမှတ် (၁၁) တပ်ရင်း” အမည်ကို အသုံးမပြုတော့ဘဲ “အယ်လ်ဖာတပ်ရင်း” အမည်နဲ့သာ တော်လှန်ရေးခရီးကို ဆက်လက် လျှောက်လှမ်းတော့မှာ ဖြစ်တယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်ဒေသက တော်လှန်ရေး အင်အားစုတွေ စုပေါင်းပြီး “အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)” တပ်ပေါင်းစုကို ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တပ်ပေါင်းစုထဲမှာ KNDF ရဲ့ ဗျူဟာအမှတ် (၁) နဲ့ အမှတ် (၈) တို့အပြင် မိုးဗြဲဒေသမှာရှိတဲ့ PDF တပ်ရင်းတချို့နဲ့ ဒေသခံတပ်ရင်းတွေလည်း ပါဝင်ကြပါတယ်။
KNDF အမှတ် (၁၁) တပ်ရင်းရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ “ကျွန်တော်တို့တပ်ရင်းဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ အမှတ် (၁) အယ်လ်ဖာစစ်ဒေသမှာ ပါဝင်ပြီး တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနေပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် “အခုချိန်ကစပြီး စစ်ရေးလှုပ်ရှားမှုတွေကို KNDF အမှတ် (၁၁) တပ်ရင်းဆိုတဲ့ နာမည်နဲ့ တွေ့ရတော့မှာ မဟုတ်ပါဘူး။ ‘အယ်လ်ဖာတပ်ရင်း’ အနေနဲ့ပဲ စစ်ရေးဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ အသိပေးထားပါတယ်။
တပ်ရင်းအမည် ပြောင်းလဲလိုက်တာကြောင့် ယခင်က အသုံးပြုခဲ့တဲ့ KNDF အမှတ် (၁၁) တပ်ရင်းရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ (Certificate) တွေအစား အခုနောက်ပိုင်းမှာတော့ “အယ်လ်ဖာစစ်ဒေသ” ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကိုပဲ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလို စုပေါင်းဖွဲ့စည်းလိုက်ခြင်းအားဖြင့် မိုးဗြဲနယ်မြေအတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာဖို့ တော်လှန်ရေးအင်အားစုတွေက မျှော်လင့်နေကြပါတယ်။
