The Zoland Post | ဧပြီ ၂၇၊ ၂၀၂၆

ပြည်သူ့ကာကွယ်ရေးတပ်မတော် – TRI ဗျူဟာကနေ တပ်စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်တဲ့ ရဲဘော် (၃၅) ဦးကို တပ်ကနေ အပြီးတိုင်ထုတ်ပယ်လိုက်ပြီး “တော်လှန်ရေးသစ္စာဖောက်လောက်ကောင်များ” အဖြစ် အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ကြောင်း ဧပြီလ ၂၇ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ (၃၅) ဦးဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ အတူတကွ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက်တွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြတာပါ။ ဒါတင်မကဘဲ တပ်ပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ ငွေကြေးအလွဲသုံးစားလုပ်တာတွေအပြင် တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးတဲ့ “ရန်သူ့ထံ လက်နက်ချတာနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ ပွိုင့် (Location) တွေ ပေးပို့တာ” စတဲ့ သစ္စာဖောက်မှုတွေကိုပါ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
TRI ဗျူဟာကတော့ “ဒီရဲဘော်တွေဟာ တခြားရဲဘော်တွေကိုပါ ရန်သူ့ဆီ လက်နက်ချဖို့ မြူဆွယ်စည်းရုံးတာတွေအထိ လုပ်ခဲ့ကြတာပါ။ ဒါကြောင့် သူတို့ကို ‘တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်လောက်ကောင်များ’ အဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်း သွင်းလိုက်တာပါ” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီ (၃၅) ဦးနဲ့ ပတ်သက်တဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို TRI ဗျူဟာအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက်လည်း ပြင်းထန်ပြီး ထိရောက်တဲ့ အရေးယူမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း အများပြည်သူ သိရှိအောင် ထုတ်ပြန်ထားပါတယ်။
