The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းက ရွှေတူးဖော်နေတဲ့ ဖောင်တွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ဗုံးကြဲတာကြောင့် အလုပ်သမား အများအပြား သေဆုံးခဲ့ရတယ်လို့ ဒေသခံအလုပ်သမားတွေနဲ့ Infinity Group ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
မတ်လ ၁၅ ရက် ညနေ ၃ နာရီခွဲလောက်က ဟုမ္မလင်းလေတပ်စခန်းက တက်လာတဲ့ တိုက်လေယာဉ် ၂ စီးဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သဖန်းဆိပ်ဆည်၊ ကောလင်းနယ်ဘက်ခြမ်းက ရွှေမျှောဖောင်တွေကို ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာပါ။
ရွှေမျှောဖောင်ပေါ်က အလုပ်သမားတစ်ဦးက “အဓိက ဗုံးကျဲပြီး စက်သေနတ်နဲ့ပစ်သွားတာက သဖန်းဆိပ်ဆည်အတွင်း ကောလင်းနယ်ဘက်အခြမ်းမှာရှိတဲ့ ရွှေမျှောဖောင်တွေကို ဦးတည်ပြီး ပစ်ခတ်တိုက်ခိုက်တာပါ။ အလုပ်သမား တော်တော်များများသေကြပါတယ်။ လုပ်ငန်းခွင်ပစ္စည်းများလည်းဆုံးရှုံးမှုအတော်များပါတယ်။ ပစ္စည်းဆုံးရှုံးတာက ပြဿနာမရှိပါဘူး။ အလုပ်သမားတွေ သေတာတော်ဆိုးတယ်။ အခု အလောင်းတွေကို ရေထဲက ဆယ်ပြီး သုံးဘီးဆိုင်ကယ်တွေနဲ့တင်ကောက်နေရတယ်။ လေယာဉ်နဲ့ လာပစ်တဲ့အချိန်က ရွှေမျှောဖောင်တွေမှာ လူတွေ အုပ်လိုက်ကြီး စည်နေတဲ့အချိန်။ အဲဒီအချိန်မှာ လာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။ သေတဲ့ အလုပ်သမားတွေကလည်း အဝေးကနေ လာပြီး အလုပ်လုပ်ကြတဲ့သူတွေပါ။ မိသားစုတွေလည်း သိကြမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
Infinity Group ရဲ့ ဖော်ပြချက်အရ ဂေါင်းဖြူဝန်းကျင်က ရေဖောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူစည်ကားတဲ့အချိန် ဖြစ်လို့ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ရကာ လက်ရှိအချိန်အထိ အလောင်း ၃ လောင်းသာ ဆယ်ယူနိုင်သေးတယ်လို့ ဆိုပါတယ်။
ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းက ရွှေတူးဖောင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရဖူးပါတယ်။
ဓာတ်ပုံ: Infinity Group
