The Zoland Post | မတ် ၃၁၊ ၂၀၂၆
မြန်မာ့နွေဦးတော်လှန်ရေးကို အရှိန်မြှင့်တင်ဖို့နဲ့ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် ပေါ်ပေါက်လာစေဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုကိုယ်စားလှယ်တွေ စုပေါင်းပါဝင်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (SCEF) ကို ဒီကနေ့မှာ တရားဝင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အသိပေး ပြောကြားလိုက်ပါတယ်။
ဒီကောင်စီဟာ အစုအဖွဲ့တစ်ခု ဒါမှမဟုတ် လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ဘဲ လူမျိုးပေါင်းစုံနဲ့ လူတန်းစားပေါင်းစုံ လွတ်မြောက်ရေးကို ဦးတည်တဲ့ “စုပေါင်းခေါင်းဆောင်မှု” စနစ်ကို အခြေခံထားတာ ဖြစ်ပါတယ်။
ယာယီသမ္မတက ဒီခြေလှမ်းကို “တရားဝင်မှု၊ တာဝန်ခံမှုနဲ့ ညီညွတ်မှုကို အခြေခံတဲ့ မဟာဗျူဟာ ခြေလှမ်းသစ်” အဖြစ် အလေးထားပြောကြားခဲ့သလို၊ အဓိကရည်မှန်းချက်အနေနဲ့ မြန်မာစစ်တပ်ကို နိုင်ငံရေးထဲကနေ အပြီးတိုင်ဖယ်ရှားဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်အသက်သွင်းမှုမှန်သမျှကို ဖြိုဖျက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေနဲ့ အစားထိုးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက ဒီကောင်စီဟာ စစ်ရေးအရ ဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့နဲ့ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးကို ပိုမိုကျစ်လျစ်အောင် ဖော်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရအတိုင်း ပြည်နယ်နဲ့ ဒေသတွေ အားကောင်းသန်မာရေးကို အဆင့်လိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ အဲဒီကနေတစ်ဆင့် ပြည်ထောင်စုတစ်ခုလုံး အားကောင်းလာစေမယ့် ဖက်ဒရယ်အစီအမံတွေကို ချမှတ်ထားတယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ဟာ ပြည်သူကို အလုပ်အကျွေး ပြုရမယ်ဆိုတဲ့ ခေါင်းဆောင်မှုစိတ်ဓာတ်ကို အခြေခံပြီး ဒီကောင်စီကို ဖွဲ့စည်းတာဖြစ်ပါတယ်” လို့ သူက အလေးအနက် ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ အပြည့်အဝထားရှိနိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်သလို၊ တော်လှန်ရေးကာလအတွင်းမှာတင် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်သွားမယ်လို့လည်း သိရပါတယ်။
တော်လှန်ရေး အင်အားစုတွေကြား ချိတ်ဆက်မှု အားကောင်းရေးဟာ ဖက်ဒရယ်နိုင်ငံသစ်အတွက် အခြေခံအုတ်မြစ်ကောင်းတွေ ဖြစ်လာမှာဖြစ်တယ်လို့ ယာယီသမ္မတက သုံးသပ်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ SCEF ဟာ မဟာမိတ်အင်အားစုတွေအကြား အပြန်အလှန်ယုံကြည်မှုကို အခိုင်အမာတည်ဆောက်ထားပြီး၊ စနစ်ကျနတဲ့ ဖက်ဒရယ်တပ်မတော်ဆီကို ဦးတည်ချီတက်နေတာ ဖြစ်ပါတယ်။
ဒါဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ လူထုတော်လှန်ရေး နည်းနာတွေကို ပေါင်းစပ်လိုက်တဲ့ ခြေလှမ်းသစ်တစ်ခုဖြစ်ပြီး ပြည်နယ်ဒေသအားလုံး လွတ်မြောက်ရေးအတွက် အဆုံးအဖြတ်ပေးမယ့် အခင်းအကျင်းတစ်ခုလည်း ဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။
