The Zoland Post | နိုဝင်ဘာလ ၂၆ (ဇိုဖောင်)
ချင်းပြည်နယ်မှာ သတင်းမီဒီယာတွေ အများအပြား ရှိနေသလို စတားလင့်အင်တာနက်ကတစ်ဆင့် သတင်းစီးဆင်းမှု မြန်ဆန်လာပေမဲ့၊ ကန်ပက်လက်မြို့နယ်က ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မြေပြင်အခက်အခဲတွေဟာ မီဒီယာတွေပေါ်မှာ ထင်ဟပ်ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မီဒီယာတွေရဲ့ မြေပြင်သတင်း လက်လှမ်းမီမှု အားနည်းချက်၊ သတင်းတု၊ သတင်းမှားတွေကြောင့် ဒေသခံတွေရဲ့ “နိုင်ငံရေး ပယောဂ” စိုးရိမ်ချက်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ပွင့်လင်းမြင်သာမှု ကွက်လပ်တွေက မြေပြင်ပြည်သူ့အသံတွေကို ပြင်ပကမ္ဘာဆီ မရောက်နိုင်အောင် ဘယ်လို တားဆီးထားသလဲ။
ကန်ပက်လက်၊ ချင်းပြည်နယ် —
“မီဒီယာတွေကလည်း သူတို့ ကြားသလောက်၊ သိသလောက်ပဲ ပြောပြတာဆိုတော့ တကယ့် လက်တွေ့မြေပြင်မှာ ဖြစ်ပျက်သမျှကျတော့ သူတို့က မဖော်ပြနိုင်ဘူး”
ဒါကတော့ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ထဲက မြေပြင် ကျောင်းဆရာမတစ်ဦးက လက်ရှိ သတင်းမီဒီယာတွေရဲ့ မြေပြင်အခက်အခဲ ဖော်ထုတ်နိုင်စွမ်းအပေါ် ပွင့်ပွင့်လင်းလင်း သုံးသပ်လိုက်တဲ့ စကား ဖြစ်ပါတယ်။
ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ သတင်းမီဒီယာတွေ မရှိတာ မဟုတ်ပါဘူး။ ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးကလည်း ချင်းပြည်နယ်မှာ သတင်းမီဒီယာတွေ အများအပြား ရှိနေပေမဲ့ အဲဒီမီဒီယာတွေဟာ ပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ အမှန်တရားတွေကို ဘယ်လောက်အထိ ပေါ်လွင်အောင် ဖော်ပြပေးနိုင်သလဲ ဆိုတာက အဓိက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ပဋိပက္ခဒဏ်ကို ငါးနှစ်ကျော် ရင်ဆိုင်နေရတဲ့ ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေဟာ စစ်ကြောင်းထိုးမှု၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေး အကျပ်အတည်းပေါင်းစုံကို ကြုံတွေ့နေကြရတာပါ။
ဒါပေမဲ့ အဲဒီမြေပြင်က ပြည်သူ့အသံတွေနဲ့ အခက်အခဲတွေဟာ သတင်းမီဒီယာတွေကတစ်ဆင့် ပြင်ပကမ္ဘာနဲ့ တာဝန်ရှိ အဖွဲ့အစည်းတွေဆီ ရောက်ရှိမလာတဲ့အခါ ဒေသခံတွေဟာ သတင်းအမှောင်ထုထဲမှာ အကူအညီမဲ့သလို ခံစားနေကြရပါတယ်။

ပြည်သူ့အခက်အခဲကို မဖော်ထုတ်နိုင်သေးသည့် မီဒီယာကွက်လပ်နှင့် မြေပြင်သက်ရောက်မှု
ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ကြုံတွေ့နေရတဲ့ ပြည်သူ့ဝန်ဆောင်မှုနဲ့ ပညာရေး အခက်အခဲတွေကို သတင်းမီဒီယာတွေက သေသေချာချာ စုံစမ်းမေးမြန်းပြီး ဖော်ပြပေးတာမျိုး အရင်က မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို မီဒီယာတွေက မြေပြင်ပြဿနာတွေကို မဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ပြင်ပက ကူညီနိုင်မယ့်သူတွေရော အထက်အဖွဲ့အစည်းတွေပါ သိရှိချိန် နောက်ကျပြီး ဒေသတွင်း လုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ ကန်ပက်လက်မြို့နယ်က ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ထောက်ပြပါတယ်။
“အခက်အခဲတွေကို မီဒီယာက ဖော်ပြပေးတာတော့ မရှိဘူးဗျ။ အဲဒီလိုမျိုး ဖော်ပြပေးခြင်း မရှိတဲ့အတွက်ကြောင့်လည်း ကျွန်တော်တို့ ပညာရေးအတွက် နှောင့်နှေးနေတာလည်း ရှိတာပေါ့။ ကန်ပက်လက်မြို့နယ် အခြေအနေကတော့ သတင်းအမှန်တွေ၊ ပြည်သူအကျိုးပြုတဲ့ မီဒီယာကတော့ သိပ်မလုပ်နိုင်သေးဘူးလို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ နည်းနည်း လိုနေသေးတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။
သတင်းမီဒီယာတွေက မြေပြင်အခြေအနေကို မဖော်ထုတ်နိုင်တဲ့အခါ ဒေသခံတွေကိုယ်တိုင် အထက်အဖွဲ့အစည်းက တာဝန်ရှိသူတွေဆီ တိုက်ရိုက်သွားရောက် ပြောဆိုဆွေးနွေးမှသာ သိရှိကြရပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဆင့်အထိတောင် သူတို့ဒေသရဲ့ မြေပြင်အခြေအနေအမှန်ကို မသိရှိသေးတာတွေ ရှိနေတယ်လို့ သူ့က ပြောပြပါတယ်။
“အမှန်တကယ်တမ်းဆိုရင် မီဒီယာကောင်းရင် ကျွန်တော်တို့ အဲဒါ ဆွေးနွေးစရာ မလိုလောက်တော့ဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ ကျွန်တော်တို့ ပြောလာမှပဲ၊ ကျွန်တော်တို့ လုပ်လာမှပဲ သူတို့အဖွဲ့အစည်းတွေဆီ အဲဒီအချက်တွေ ရောက်လာတာလေ။ ဒီမှာရှိတဲ့ လူတွေတောင်မှ ဆရာတို့ ဆက်သွယ်လာမှပဲ ဒါတွေက ဒီလိုရှိတယ်ဆိုတာ သိရတယ်။ NUG ကတောင်မှ မသိရသေးတဲ့ အခြေအနေ ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ မီဒီယာ နည်းနည်း နှောင့်နှေးနေတယ်လို့ပဲ မြင်တယ်” လို့ အဆိုပါ ဒေသခံ လူငယ်အမျိုးသားက ပြောပြပါတယ်။
သတင်းမီဒီယာတွေပေါ် ရောက်မလာဘဲ မြေပြင်မှာ တိတ်တဆိတ် ရင်ဆိုင်နေရတဲ့ ပြည်သူ့အခက်အခဲတွေထဲက အထင်ရှားဆုံး သာဓကတစ်ခုကတော့ ဒုတိယလှိုင်း စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ စာသင်ခန်း အခြေအနေပဲ ဖြစ်ပါတယ်။
ကန်ပက်လက်မြို့နယ် ပညာရေးကော်မတီနဲ့ နီးစပ်သူ ဆရာတစ်ဦးက လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုနဲ့ စစ်ဘေးရှောင်နေရမှုကြောင့် ကလေးတွေဟာ စာသင်ရမယ့် နေရာ၊ စာအုပ်နဲ့ ခဲတံကအစ ပြတ်လပ်နေပုံကို အခုလို ပြောပြပါတယ်။
“အရင်တုန်းက ဘိုးဘွားတွေခေတ်မှာ ကြားဖူးတာ၊ ခဲတံတောင် မဝယ်နိုင်ကြလို့ တစ်လက်မ၊ နှစ်လက်မ အတိုလေးပဲ သုံးတယ်ပေါ့နော်။ အခု အဲဒီပုံစံ ပြန်ဖြစ်နေပြီ။ လမ်းကြောတွေ ပိတ်ဆို့တဲ့အချိန်ဆို ခဲတံတောင်မှ သုံးဖို့မရှိလို့ မျှသုံးကြရတယ်။ မူလတန်းကလေးတွေဆိုရင် ဒီတစ်လက်မ၊ နှစ်လက်မလေး ကိုင်ပြီးတော့ ခဲတံလေးနောက်မှာ ကြက်ပေါင်ကွင်းလေးကို ခဲဖျက်အနေနဲ့ ပတ်ပြီးတော့ သုံးနေရတဲ့ဟာ အများကြီးရှိတယ်။”
အဲဒီလို မြေပြင်က အသေးစိတ် ဒုက္ခတွေဟာ သတင်းတွေထဲမှာ ပါဝင်မလာတဲ့အခါ၊ ကလေးတွေရဲ့ ပညာရေးဟာ ပြင်ပအကူအညီ မရရှိဘဲ မျိုးဆက်သစ်တွေ ပညာရေး မျိုးတုံးသွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
မြေပြင်အသံတွေ ပြင်ပကို ဘာကြောင့် မရောက်နိုင်သလဲ
ကန်ပက်လက်မြို့နယ်က မြေပြင်အသံတွေနဲ့ ပြည်သူ့အခက်အခဲတွေ ပြင်ပကမ္ဘာနဲ့ သတင်းမီဒီယာတွေပေါ် ရောက်ရှိဖို့ ခက်ခဲနေရတဲ့ နောက်ကွယ်မှာ အဓိက အတားအဆီး သုံးခု ရှိနေတာကို အင်တာဗျူး အချက်အလက်တွေအရ တွေ့ရပါတယ်။
ပထမ အတားအဆီးကတော့ သတင်းတု၊ သတင်းမှားတွေနဲ့ “နိုင်ငံရေး ပယောဂ” စိုးရိမ်ချက် ဖြစ်ပါတယ်။
မြို့နယ်ပညာရေးကော်မတီနဲ့ နီးစပ်သူ ဆရာရဲ့ ပြောပြချက်အရ လက်ရှိ ကန်ပက်လက်မြို့နယ်ရဲ့ ကျေးလက်ဒေသတွေမှာ ဖုန်းအင်တာနက်လိုင်း မရှိတော့ပေမဲ့ Starlink ဂြိုဟ်တုအင်တာနက်စက်တွေ ရောက်ရှိနေပြီဖြစ်လို့ ဒေသခံတွေဟာ စက်ရှိတဲ့နေရာတွေမှာ သွားရောက်ပြီး သတင်းမီဒီယာတွေကို ဖတ်ရှုနေကြပါတယ်။
ဒါပေမဲ့ သတင်းစီးဆင်းမှု မြန်ဆန်လာတာနဲ့အမျှ သတင်းအမှန် (Right news) တွေနဲ့အတူ သတင်းမှား (Misinformation) တွေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ သတင်းတု (Disinformation) တွေပါ အမြောက်အမြား ရောထွေးပါဝင်လာနေပါတယ်။
အဲဒီလို သတင်းမှားတွေနဲ့ နိုင်ငံရေး အကဲဆတ်မှုတွေကြောင့် မြေပြင်မှာ အလုပ်လုပ်နေသူတွေဟာ သတင်းမီဒီယာတွေကို မြေပြင်အခြေအနေ ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်သတိထားနေကြရပါတယ်။
“တချို့ သတင်းမီဒီယာတွေကျတော့ သတင်းမှားလိုမျိုး ဖြန့်ဝေတဲ့ဟာတွေ ရှိတယ်။ ပြီးတဲ့အပြင် ရည်ရွယ်ချက်ရှိရှိနဲ့ကို သတင်းကို လုပ်ကြံပြီးလုပ်တဲ့ ဟာတွေလည်း ရှိတော့ ဆရာတို့ မီဒီယာတွေလည်း တော်တော်လေးတော့ စိတ်ဝင်စားခြင်း ခံရတယ်ပေါ့နော်။ ကျွန်တော်တို့ တစ်ခါတလေ ဖြေလိုက်ရင် အဲဒီအပေါ်မှာ နိုင်ငံရေး ပယောဂ၊ တခြား ပယောဂ ပါလာမလား ဆိုတဲ့ဟာတွေလည်း တော်တော်လေးကို ဆင်ခြင်ရတဲ့ အပိုင်းတွေ ရှိပါတယ်” လို့ သူက ရှင်းပြပါတယ်။
ဒုတိယ အတားအဆီးကတော့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု အားနည်းချက် ဖြစ်ပါတယ်။
ဒေသခံ လူငယ်အမျိုးသားရဲ့ ပြောပြချက်အရ သူတို့ဒေသမှာ ဒေသန္တရ အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အခက်အခဲတွေ အများပြည်သူ မြင်တွေ့ရတဲ့ မီဒီယာတွေပေါ် တက်လာတာမျိုး အခုချိန်ထိ မရှိသလောက် နည်းပါးနေပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ သီးသန့်အုပ်စု (Group) တွေထဲမှာသာ အချင်းချင်း ဆွေးနွေးတာမျိုး ရှိနိုင်ပြီး ပြည်သူလူထု သိရှိနိုင်မယ့် မီဒီယာစာမျက်နှာတွေပေါ်မှာတော့ ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးတာ မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။
တတိယ အတားအဆီးကတော့ မီဒီယာဖော်ပြချက်အပေါ် တာဝန်ရှိသူတွေဘက်က တုံ့ပြန်ဖြေရှင်းပေးမှု ကွင်းဆက် ပြတ်တောက်နေခြင်း ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အခက်အခဲတစ်ခုခု သတင်းမီဒီယာပေါ် တက်လာပြီးနောက် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေဘက်က ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီး ကောင်းမွန်စွာ ဖြေရှင်းပေးတာမျိုး ကြုံဖူးသလားဆိုတဲ့ မေးခွန်းအပေါ် မြေပြင် ကျောင်းဆရာမက “ကျွန်မကတော့ မကြုံဖူးဘူး” လို့ ဖြေကြားပါတယ်။
မီဒီယာမှာ ပြောပြလိုက်ပေမဲ့ လက်တွေ့ဖြေရှင်းပေးမှု မရှိသေးတဲ့အခါ ပြည်သူတွေအနေနဲ့ မီဒီယာကတစ်ဆင့် အသံထုတ်ဖော်ဖို့ အားလျော့လာစေပါတယ်။
ပြည်သူ့အခက်အခဲကို ဖော်ထုတ်ပေးမည့် “ပေါင်းကူးတံတား” မီဒီယာ လိုအပ်ချက်နှင့် ရှေ့ဆက်လမ်း
သတင်းအမှောင်ထုနဲ့ စစ်ဘေးဒဏ်ကြားမှာ မြေပြင်က ပညာရေးလုပ်ဆောင်သူတွေနဲ့ ဒေသခံတွေဟာ အရင်လို ကြီးမားတဲ့ နိုင်ငံရေးစကားလုံးတွေထက် ကိုယ့်မြို့နယ်နဲ့ ကိုယ့်ကျေးရွာလေးက ကလေးတွေရဲ့ လက်တွေ့အခက်အခဲကို သတင်းမီဒီယာတွေက မှန်မှန်ကန်ကန် ဖော်ထုတ်ပေးဖို့ မျှော်လင့်နေကြပါတယ်။
“အရင်တုန်းကတော့ ကျွန်တော်တို့တွေက စကားလုံးတွေ နည်းနည်းကြီးခဲ့ကြတယ်ပေါ့လေ၊ ‘နိုင်ငံတော်’ ဆိုတဲ့ စကားလုံးအနေနဲ့။ အခု နိုင်ငံတော် မဟုတ်ဘဲနဲ့ ကိုယ့်ပြည်နယ်၊ ကိုယ့်ပြည်နယ်တောင် မဟုတ်ဘူး ကိုယ့်တောင်ပိုင်း၊ မြောက်ပိုင်းရယ်လို့ မဟုတ်ဘူး၊ အခု ကိုယ့်မြို့နယ်လေး၊ ရွာကလေးနားကလေး အဆင်ပြေနိုင်ဖို့ အဓိက ဖြစ်လာတယ်။ ဖြစ်နိုင်ရင် ဒီမီဒီယာတွေမှာ ပညာရေး ကူညီထောက်ပံ့မှုတွေ ဖြစ်စေဖို့အတွက် ဖော်ပြပေးနိုင်ရင် ကောင်းမယ်” လို့ သူ့အမြင် ပြောပြပါတယ်။
စစ်ရှောင်နေကြရတယ်၊ စာအုပ်၊ ခဲတံ၊ နေရာကအစ အရမ်းကို ခက်ခဲတယ်” လို့ မြို့နယ်ပညာရေးကော်မတီနဲ့ နီးစပ်သူက ဆက်လက် ပြောပါတယ်။
ဒါကြောင့် သတင်းမီဒီယာတွေအနေနဲ့ မြေပြင်က ပြည်သူတွေနဲ့ ကလေးငယ်တွေရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို ဖော်ထုတ်ပြီး အလှူရှင်တွေ၊ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း (NGO/INGO) တွေနဲ့ ချိတ်ဆက်ပေးနိုင်မယ့် ခိုင်ခံ့တဲ့ ပေါင်းကူးတံတား (Bridge) တစ်ခုအဖြစ် ဆောင်ရွက်ပေးဖို့ သူက အခုလို တိုက်တွန်းပါတယ်။
“ထောက်ပံ့ကူညီရေး အပိုင်းကိုပဲ အဓိက ပစ်မှတ်ထားပြီးတော့ ကလေးတွေ အဆင်ပြေဖို့အတွက် အလှူရှင်တွေက သော်လည်းကောင်း၊ NGO၊ INGO တွေကနေပြီးတော့ လွယ်အိတ်ကလေး သော်လည်းကောင်း၊ စာအုပ်ကလေး သော်လည်းကောင်း ထောက်ပံ့ကူညီပေးနိုင်ဖို့ ဆက်သွယ်ပေးနိုင်မယ့် ပေါင်းကူးတံတားပေါ့နော်။ အဲဒီ ဆက်သွယ်ရေးအပိုင်းမှာ တကယ့်ကို ခိုင်ခံ့တဲ့၊ လက်တွေ့ကြုံတွေ့နေရတဲ့ ကလေးတွေရဲ့ ပညာရေးအပိုင်းမှာ မီဒီယာတွေကနေပြီး ဒီတံတားတွေပုံစံ တကယ်လုပ်ပေးနိုင်မယ် ဆိုလို့ရှိရင်တော့ အရမ်းကို အဆင်ပြေမယ်လို့ မြင်တယ်။”
ဒါပေမဲ့ သတင်းမီဒီယာတစ်ခုက အဲဒီလို ခိုင်ခံ့တဲ့ ပေါင်းကူးတံတား တစ်စင်း ဖြစ်လာဖို့ဆိုရင် မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ လိုအပ်ချက်တွေကို လက်တွေ့ကျကျ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ သတင်းမီဒီယာဟာ အလှူရှင်အစား ငွေကြေးထောက်ပံ့ပေးသူ မဟုတ်သလို အုပ်ချုပ်ရေးအဖွဲ့အစား ဆုံးဖြတ်ချက်ချမှတ်သူလည်း မဟုတ်ပါဘူး။ မီဒီယာရဲ့ အဓိကတာဝန်ဟာ မြေပြင်က ပြည်သူ့အခက်အခဲကို တိကျစွာ ရှာဖွေဖော်ထုတ်ဖို့၊ အရင်းအမြစ်မျိုးစုံနဲ့ အတည်ပြုစစ်ဆေးဖို့နဲ့ ပြည်သူ့မေးခွန်းတွေကို တာဝန်ရှိသူတွေနဲ့ အလှူရှင်တွေရှေ့မှာ ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ပဲ ဖြစ်ပါတယ်။
အင်တာဗျူးတွေကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ မြေပြင်ပြည်သူ့အခက်အခဲတွေ ပြင်ပကို ရောက်ရှိပြီး တာဝန်ခံမှု ရှိလာစေဖို့ အောက်ပါ အဆင့်သုံးဆင့်ကို စဉ်းစားဆောင်ရွက်သင့်ပါတယ်။
ပထမအဆင့်အနေနဲ့ အဝေးက ကြားသိရသလောက် ရေးသားခြင်းထက် မြေပြင်သတင်းရင်းမြစ်များထံ တိုက်ရိုက်ချဉ်းကပ်ရန် လိုအပ်ပါတယ်။
သတင်းမီဒီယာတွေအနေနဲ့ ထုတ်ပြန်ချက်တွေနဲ့ တစ်ဆင့်စကားတွေကိုသာ အားမကိုးဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကို နေ့စဉ်ကိုယ်တိုင် ရင်ဆိုင်နေရတဲ့ မြေပြင်ပြည်သူတွေနဲ့ ဝန်ထမ်းတွေဆီ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်မယ့် လုံခြုံတဲ့ သတင်းကွန်ရက်တွေ တည်ဆောက်ဖို့ လိုအပ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ “နိုင်ငံရေး ပယောဂ” ကင်းရှင်းပြီး သတင်းရင်းမြစ် လုံခြုံရေးကို အာမခံနိုင်သည့် သတင်းကျင့်ဝတ် စောင့်ထိန်းရန် လိုအပ်ပါတယ်။
သတင်းတု၊ သတင်းမှားတွေ ပျံ့နှံ့နေချိန်မှာ မြေပြင်က ဒေသခံတွေနဲ့ ပညာရေးဝန်ထမ်းတွေက သူတို့ရဲ့ ပြောဆိုချက်တွေ နိုင်ငံရေးအရ အသုံးချခံရမှာကို စိုးရိမ်နေကြပါတယ်။
ဒါကြောင့် သတင်းဌာနတွေအနေနဲ့ သတင်းရင်းမြစ်တွေရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးဖို့၊ ဘက်လိုက်မှုကင်းစွာ အတည်ပြုနိုင်တဲ့ အချက်နဲ့ အတည်မပြုနိုင်သေးတဲ့ အချက်တွေကို ရိုးသားစွာ ခွဲခြားဖော်ပြပေးဖို့ လိုအပ်ပါတယ်။
တတိယအဆင့်အနေနဲ့ သတင်းတင်ရုံနဲ့ ရပ်မသွားဘဲ တာဝန်ရှိသူများ၏ တုံ့ပြန်ချက် ရရှိသည်အထိ နောက်ဆက်တွဲ လိုက်လံမေးမြန်းရန် လိုအပ်ပါတယ်။
ပြည်သူ့အခက်အခဲတစ်ခု မီဒီယာပေါ် ရောက်လာရုံနဲ့ အလိုအလျောက် ပြေလည်သွားတာ မဟုတ်ပါဘူး။
သတင်းထဲက ပြည်သူ့မေးခွန်းတွေကို သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးနဲ့ တာဝန်ရှိရုံးတွေဆီ ပို့ဆောင်မေးမြန်းဖို့၊ ပြန်လည်ဖြေကြားခွင့် (Right of Reply) ပေးဖို့နဲ့ တာဝန်ရှိသူဘက်က ဖြေကြားရင် ဖြေကြားသလို၊ ဖြေကြားဖို့ ငြင်းဆိုရင်လည်း ငြင်းဆိုကြောင်း တိတိကျကျ မှတ်တမ်းတင် ဖော်ပြပေးမှသာ ပြည်သူ့အသံကနေ တာဝန်ခံမှုဆီ ဦးတည်နိုင်မှာ ဖြစ်ပါတယ်။
သတင်းအမှောင်ထုကို ဖောက်ထွက်မည့် မေးခွန်းများ
မြေပြင်မှာ ကြုံတွေ့နေရတဲ့ စာရေးကိရိယာ ပြတ်လပ်မှု၊ အထက်အဖွဲ့အစည်းတွေနဲ့ ပြင်ပအလှူရှင်တွေ သိရှိနိုင်ဖို့ သတင်းအချက်အလက် ထုတ်ပြန်ရေး အားနည်းချက်နဲ့ သတင်းမီဒီယာတွေကတစ်ဆင့် တင်ပြလာတဲ့ ပြည်သူ့အခက်အခဲတွေကို ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးနေသလဲ ဆိုတာကို အပြန်အလှန်ဆွေးနွေး အဖြေရှာနိုင်ဖို့ လိုအပ်နေပါတယ်။
တာဝန်ရှိရုံးဘက်ကလည်း ပြည်သူ့အခက်အခဲတွေအတွက် ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေ သလဲဆိုတာတွေကို ပြည်သူတွေဆီ ရှင်းရှင်းလင်းလင်း ချပြပေးဖို့ အထူးလိုအပ်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ကန်ပက်လက်မြို့နယ်က အတွေ့အကြုံတွေက ပြသနေတဲ့ အဓိက လိုအပ်ချက်ဟာ သတင်းမီဒီယာ အရေအတွက် ပိုများလာဖို့ သက်သက် မဟုတ်ပါဘူး။ သတင်းစီးဆင်းမှု မြန်ဆန်လာတဲ့ ခေတ်မှာ ရှိပြီးသား သတင်းမီဒီယာတွေအနေနဲ့ သတင်းအမှောင်ကျနေတဲ့ တောတောင်တွေထဲက တစ်လက်မအရွယ် ခဲတံတိုလေး ကိုင်ထားရတဲ့ ကလေးငယ်တွေနဲ့ မြေပြင်ပြည်သူတွေရဲ့ အသံကို ပြင်ပကမ္ဘာနဲ့ တာဝန်ရှိသူတွေဆီ ဘယ်လောက် မှန်မှန်ကန်ကန်၊ နက်နက်ရှိုင်းရှိုင်းနဲ့ အဖြေထွက်လာတဲ့အထိ ပေါင်းကူးပို့ဆောင်ပေးနိုင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။
By – ဇိုဖောင် (Edited by Editorial Team)
