ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်း၊ တီးတိန်နဲ့ တွန်းဇံ မြို့နယ်သုံးခုအတွင်းက ဟွာလ်ငိုးရမ်းဒေသမှာ ကျေးရွာပေါင်း ၅၆ ရွာအပြင် အနီးပတ်ဝန်းကျင် ဒေသတွေအထိ ကျန်းမာရေးတာဝန်ယူနေရပေမဲ့၊ ရန်ပုံငွေနဲ့ ပညာတတ် ဝန်ထမ်း ရှားပါးမှုကြောင့် တီအိုချောင်းက ရိဒ်ဆေးရုံနဲ့ ဇင်ပွီး ကျေးလက်ကျန်းမာရေးဌာန နှစ်ခုသာ ကောင်းမွန်စွာ လည်ပတ်နိုင်ပါသေးတယ်။ ထိန်းချုပ်နယ်မြေအတွင်း ကာကွယ်ဆေး ၉၅ ရာခိုင်နှုန်း ထိုးနှံပေးနိုင်ပြီး အခမဲ့ဝန်ဆောင်မှုတချို့ ပေးနိုင်ပေမဲ့၊ အခြားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာ ရွာတွေမှာ အသက် သုံးနှစ်အထိ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးတဲ့ ကလေးတွေ ရှိနေသလို သာမန်ပြည်သူတွေနဲ့ အဖွဲ့အစည်း ပြင်ပက CDM ဝန်ထမ်းတွေအပေါ် ဆေးကုသစရိတ် ကင်းလွတ်ခွင့် ပေးမှုမှာတော့ မြေပြင်အမြင် ကွဲလွဲချက်တွေ ရှိနေပါတယ်။
The Zoland Post | ကျန်းမာရေးအထူးဆောင်းပါး (စနေမိုး)
အောက်တိုဘာ ၁၆

“အာသံရိုင်ဖယ် (Assam Rifles) ဘက်က နယ်စပ်တအားကျပ်တဲ့ အခါကျတော့ တစ်ခါတလေ ဝေးတဲ့လမ်းကနေ ပတ်ကူးလိုက်၊ ရေကြီးရင်လည်း ရေကူးသမားကို ငှားပြီးတော့ ဆေးသယ်ခိုင်းလိုက် အဲဒီလိုမျိုး လုပ်ရတာပေါ့နော်။ လမ်းတွေက ဟိုဘက်ဒီဘက် ပိတ်တော့ ခွဲခန်းပစ္စည်းတွေက ပြတ်လပ်ဆုံးပဲ” လို့ ချင်းပြည်နယ်မြောက်ပိုင်း၊ ဟွာလ်ငိုးရမ်းဒေသရဲ့ ကျန်းမာရေးတာဝန်ခံ ဒေါက်တာ လားရမ်ဇာဝ (Dr. Lalramzauva) က နယ်စပ်ဆေးဝါး သယ်ယူရေး အတွေ့အကြုံကို ပြောပြထားတာ ဖြစ်ပါတယ်။
ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ် သုံးခုအတွင်း ခွပြီးတည်ရှိနေတဲ့ ဟွာလ်ငိုးရမ်းဒေသမှာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကစလို့ ဒေသန္တရ ဆေးရုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပြန်လည်ထူထောင်ခဲ့ကြတာပါ။ အစောပိုင်းက ဆရာဝန် တစ်ဦးနဲ့ သူနာပြု တစ်ဦးတည်းသာ ရှိခဲ့ရာကနေ အခုအခါ ဆရာဝန် ၁၁ ဦးနဲ့ အထူးကုတချို့အထိ ရှိလာပြီဖြစ်လို့ နယ်စပ်ဒေသ တစ်ဝိုက်က ဒေသခံတွေအတွက် အားကိုးရာ ဖြစ်လာနေပါတယ်။
ဒါပေမဲ့ ကျယ်ပြန့်လွန်းတဲ့ တာဝန်ယူမှု နယ်မြေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေကန့်သတ်ချက်၊ ပညာတတ်လူငယ်တွေ ပြည်ပထွက်ခွာသွားမှုနဲ့ ရန်ပုံငွေ ပြတ်လပ်မှုတွေကြောင့် ဝေးလံတဲ့ ကျေးရွာအများစုဟာ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ချင်းပြည်နယ်၊ ဟွာလ်ငိုးရမ်းဒေသက ဟွာလ်ငိုးရမ်းပြည်သူ့အဖွဲ့အစည်း (HPO) အောက်က ကျန်းမာရေးဌာနရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေပုံတွေကို စုဆောင်းတင်ဆက်ထားပါတယ်။ ဆေးဝါးပြတ်လပ်မှု၊ လူသားအရင်းအမြစ် ရှားပါးမှုနဲ့ ဘတ်ဂျက်အခက်အခဲတွေကြားကနေ ဒီအသက်ကယ်လမ်းကြောင်းကို ဘယ်လို ဆက်လက် ရပ်တည်နေကြပါသလဲဆိုတာကို လေ့လာတင်ပြထားတာ ဖြစ်ပါတယ်။

ကျေးရွာပေါင်း ၅၀ ကျော်အတွက် ဆေးရုံနှင့် ဆေးခန်း နှစ်ခုတည်းသာ လည်ပတ်နိုင်မှု အခြေအနေ
ဟွာလ်ငိုးရမ်းဒေသမှာ စုစုပေါင်း ကျေးရွာ ၅၆ ရွာ ရှိတဲ့အနက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ HPO / CDF-Hualngoram က ၄၆ ရွာကို လက်တွေ့ အုပ်ချုပ်နိုင်ပြီး၊ ကျန်တဲ့ ၁၀ ရွာကတော့ အခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ Zomi Revolutionary Army (ZRA) နဲ့ Chin National Organization / Chin National Defense Force (CNO/CNDF) တို့ လှုပ်ရှားထိန်းချုပ်ရာ နယ်မြေတွေ ဖြစ်နေတဲ့အတွက် လက်လှမ်းမမီဘူးလို့ ဒေါက်တာ လားရမ်ဇာဝက ပြောပါတယ်။
ဒါပေမဲ့ မြေပြင်ကျန်းမာရေး ကုသပေးရာမှာတော့ ဟွာလ်ငိုးရမ်း ၄၆ ရွာတင်မကဘဲ အနီးပတ်ဝန်းကျင် ဒေသတွေဖြစ်တဲ့ ရွာ ၅ ရွာ၊ ဇိုလဲန်းဒေသထဲက အုပ်စု ၅ အုပ်စုနဲ့ တွန်းဇံနယ်အထိ ကျယ်ပြန့်စွာ တာဝန်ယူ ကုသပေးနေရပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ရိဒ်ခေါဒါရ်မြို့မှာ ဆေးရုံမဖွင့်နိုင်သေးတဲ့အတွက် ဟွာလ်ငိုးရမ်းဌာနချုပ်မှာ ဆေးရုံဖွင့်ပြီး နယ်လှည့်ဆေးကုသရေး (Mobile clinic) သွားခဲ့ရပေမဲ့ တောင်ဘက်၊ မြောက်ဘက်နဲ့ အရှေ့ဘက်တွေမှာ CNDF နဲ့ ZRA တပ်ဖွဲ့တွေ ရှိနေတာကြောင့် ဝေးဝေးမသွားနိုင်ခဲ့ပါဘူး။
၂၀၂၃ ခုနှစ်မှာ ရိဒ်ခေါဒါရ် စစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီးနောက်ပိုင်းမှ ရိဒ်ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လုံခြုံရေးအခြေအနေအရ အဆင့်ဆင့် ရွှေ့ပြောင်းခဲ့ရပြီး လက်ရှိမှာတော့ အိန္ဒိယ-မြန်မာ နယ်စပ် တီအိုချောင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ ရိဒ်ဆေးရုံနဲ့ ကျေးရွာတစ်ရွာက ကျေးလက်ကျန်းမာရေးဌာန စုစုပေါင်း နှစ်ခုတည်းသာ ကောင်းမွန်စွာ လည်ပတ်နိုင်သေးတယ်လို့ သူက ရှင်းပြပါတယ်။
“ဟွာလ်ငိုးရမ်းဒေသမှာ ပုံမှန်ဖွင့်လှစ်နေတဲ့ ဆေးရုံ၊ ဆေးခန်းကတော့ အဓိက ဒီ ရိဒ်ဆေးရုံပေါ့နော်။ အခုလောလောဆယ်တော့ တီအိုချောင်းမှာပေါ့။ ပြီးတော့ တခြားရွာတစ်ရွာမှာ ကျေးလက်ကျန်းမာရေးဌာန အဲဒီတစ်ခုပဲ ကောင်းကောင်း လည်ပတ်လို့ရတယ်။ လူနာက အခုလောလောဆယ် ၃၀ ကနေ ၄၀ လောက် ရှိတဲ့အခါကျတော့ ကုတင်က မလောက်ဘူး ဖြစ်နေတာ” လို့ ဒေါက်တာ လားရမ်ဇာဝက ပြောပါတယ်။
လူနာများပြားပြီး ကုတင်မလောက်ငတဲ့အတွက် လက်ရှိဆေးရုံမှာ အပေါ်ထပ် တိုးချဲ့ဆောက်လုပ်နေရပေမဲ့ ရန်ပုံငွေ မလုံလောက်တာကြောင့် သူများဆီက ငွေချေးသုံးပြီး ပြန်ဆပ်နိုင်တဲ့အခါ ဆပ်၊ မဆပ်နိုင်တဲ့အခါ အကြွေးအတိုင်း ထားနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်ဆေးရုံဟောင်းမှာ ဗုံးခိုကျင်း တစ်ခု တူးထားခဲ့ပေမဲ့ အခု ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ တီအိုချောင်း ဆေးရုံမှာတော့ လေကြောင်းရန် ကာကွယ်ဖို့ ဗုံးခိုကျင်း မရှိသေးပါဘူး။
ပါရာစီတမောသာ ပေးနိုင်သည့် ရွာများနှင့် ကျောင်းကျန်းမာရေး အကန့်အသတ်
၂၀၂၃ ခုနှစ် ရိဒ်ဆေးရုံ စတင်ဖွင့်လှစ်ချိန်က ဒေါက်တာ လားရမ်ဇာဝ တစ်ဦးတည်းနဲ့ သူနာပြု တစ်ဦးသာ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ ဆရာဝန် ၁၀ ဝန်းကျင်၊ သူနာပြုသင်တန်းသား ၁၀ ဦး၊ သူနာပြု (Staff nurse) နှစ်ဦး၊ ဆရာမကြီး နှစ်ဦးနဲ့ ဆေးဝါးသက်တမ်းလွန်မှုနဲ့ အရည်အသွေးကို စစ်ဆေးတဲ့ ဆေးဝါးကျွမ်းကျင် (Pharmacist) သုံးဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ဆရာဝန်တွေရဲ့ လစာကိုတော့ ဆေးရုံဝန်ထမ်းကော်မတီက သတ်မှတ်ပေးထားတာပါ။
အဲဒီလို ဆေးရုံမှာ ဆရာဝန်အင်အား တိုးလာတဲ့အတွက် တီအိုချောင်းပတ်ဝန်းကျင် ဒေသတွေက ပြည်သူတွေအတွက်တော့ ဆေးကုသမှု အဆင်ပြေနေပါတယ်။
တီအိုချောင်းအနီး နေထိုင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက “နေမကောင်းတာတွေ ကြုံရတဲ့အချိန်မှာတော့ ဒီရိဒ်ဆေးရုံ ဖွင့်ထားတယ်ဆိုတော့ ဒီဆေးရုံမှာပဲ အများအားဖြင့် သွားပြကြတာပေါ့။ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ဒေသခံတွေအနေနဲ့ အခက်အခဲ မရှိပါဘူး” လို့ ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးကလည်း သူကိုယ်တိုင် ဆေးခန်းကို မရောက်ဖူးသေးပေမဲ့ သွားလာပြသနေကြတဲ့ လူနာတွေရဲ့ အခြေအနေအရ အားကိုးရတဲ့ အနေအထား ရှိတယ်လို့ အခုလို သုံးသပ်ပါတယ်။
“မြို့ကြီးပြကြီးနဲ့ ယှဉ်ရင်တော့ မဟုတ်ပေမဲ့ ကျေးလက်မြို့နယ်အဆင့် အနေနဲ့ဆိုရင် ပုံမှန်အနေအထားလောက် ရှိတယ်လို့ တွက်တယ်။ လောလောဆယ်က CDM တော်တော်များများ၊ MBBS ဆရာဝန်၊ အထူးကုတွေတောင် ရှိတယ်။ ဆေးခန်းတွေလည်း များတယ်။ အဝေးလည်း မသွားနိုင်တဲ့ တောသူတောင်သားတွေ အတွက်ဆိုရင်တော့ ဒီကျန်းမာရေးကဏ္ဍမှာ အားကိုးလို့ရတဲ့ အနေအထား ရှိတယ်။”
ဒါပေမဲ့ တီအိုချောင်းနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေမှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေပါတယ်။
ငွေကြေးနဲ့ လူသားအရင်းအမြစ် မလုံလောက်တဲ့အတွက် တစ်ခြား ကျေးရွာမှာ တိုက်နယ်ဆေးခန်းဖွင့်ဖို့ အစီအစဉ် ဆွဲထားပေမဲ့ လက်တွေ့ မဖွင့်နိုင်သေးပါဘူး။ Bukpil နဲ့ Singlei လို လူဦးရေများတဲ့ ရွာကြီးတွေမှာတောင် ကျေးလက်ကျန်းမာရေးဌာန မဖွင့်ပေးနိုင်သေးဘဲ ဆရာဝန်တွေက ပါရာစီတမော (Paracetamol) နဲ့ လေဆေး ဒိုင်းဇင်း (Digene) လောက်သာ ထောက်ပံ့ထားနိုင်သေးတယ်လို့ ဒေါက်တာ လားရမ်ဇာဝက ဝန်ခံပါတယ်။
ဝေးလံတဲ့ ရွာတွေဆီ NGO ထောက်ပံ့မှုနဲ့ နယ်လှည့်ဆေးကုသရေး (Mobile clinic) တစ်ခါတလေ သွားရောက်ပေမဲ့ ကူးစက်ရောဂါ အရေးပေါ်ဖြစ်ပွားမှု (Outbreak) ဆိုင်ရာ မူဝါဒတော့ သီးသန့်ချမှတ်ထားတာ မရှိသေးပါဘူး။
ဟွာလ်ငိုးရမ်း ပညာရေးတာဝန်ခံ ဆရာ Kima က “ကျောင်းကျန်းမာရေး အတွက်တော့ သီးသန့် ထောက်ပံ့လာတာမျိုး မရှိဘူး။ ဒါပေမဲ့ ကျန်းမာရေးဌာနနဲ့ တွဲပြီးတော့မှ ကျောင်းကျန်းမာရေး အစီအစဉ်ကို ဩဂုတ်လမှာ မဟုတ်ရင်လည်း စက်တင်ဘာလမှာ စီစဉ်ထားတာ ရှိတယ်။ နှစ်တိုင်းလိုလိုတော့ သူတို့ သွားရောက်နိုင်တဲ့ ရွာမှာ၊ မြို့မှာ စီစဉ်ကျင်းပတာ ရှိတယ်။ ဒါပေမဲ့ အဲဒါ ပုံမှန်မဟုတ်ဘူး၊ ရွာတိုင်းကနေလည်း မရဘူးပေါ့နော်” လို့ ပြောပါတယ်။
ပညာတတ်များ ပြည်ပထွက်ခွာမှု၊ ၆ တန်းအောင် သူနာပြုသင်တန်းသားများနှင့် လူနာဆက်ဆံရေး ပြဿနာ
ကျေးလက်ဆေးခန်းတွေ တိုးချဲ့မဖွင့်နိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့ ပညာတတ် လူငယ်အများစု ပြည်ပနိုင်ငံတွေဆီ ထွက်ခွာသွားကြလို့ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်း သင်တန်းပေးဖို့ လူသားအရင်းအမြစ် ပြတ်လပ်နေတာပဲ ဖြစ်ပါတယ်။
ရွာတွေမှာ ၁၀ တန်းနဲ့ ၁၂ တန်းအောင်မြင်သူ ရှားပါးသွားတဲ့အတွက် ကျန်ရှိနေတဲ့ ၆ တန်း၊ ၇ တန်း၊ ၈ တန်းအောင် လူငယ်လေးတွေကိုပဲ ခေါ်ယူပြီး ချင်းပြည် (Chinland) ကောင်စီက ဖွင့်လှစ်တဲ့ သူနာပြုသင်တန်း (Nurse training) မှာ ပထမနှစ်နဲ့ ဒုတိယနှစ် သင်တန်းသားတွေအဖြစ် လေ့ကျင့်သင်ကြားပေးနေရပါတယ်။
အဲဒီလူငယ်တွေဟာ အခြေခံ အင်္ဂလိပ်စာနဲ့ ဆေးပညာ အခေါ်အဝေါ် (Medical terms) တွေကို မသိရှိကြတဲ့အတွက် အစကနေ ခက်ခက်ခဲခဲ သင်ကြားပေးနေရသလို၊ အသက်ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်သေးတာကြောင့် လူနာနဲ့ လူနာရှင်တွေအပေါ် ပြောဆိုဆက်ဆံရာမှာလည်း ပြဿနာတွေ ပေါ်ပေါက်နေပါတယ်။
ဆေးရုံမှာ လူနာရှင်တွေ မကျေနပ်ချက်ရှိရင် စာရေးသား တိုင်ကြားနိုင်ဖို့ အကြံပြုစာပုံး (Feedback box) တွေ ချထားပေးပေမဲ့ ဘယ်သူမှ စာရေးထည့်တာ မရှိဘဲ ဒေါက်တာ လားရမ်ဇာဝရဲ့ နေအိမ်ကိုသာ တိုက်ရိုက်လာရောက် တိုင်ကြားကြတယ်လို့ ဆိုပါတယ်။
“ဆေးရုံမှာတော့ Feedback ပုံးတွေ ထားထားတယ်၊ ဒါပေမဲ့ ဘယ်သူမှ မရေးကြဘူးဗျာ။ အိမ်မှာတော့ ခဏခဏ လာပြီးတော့ တိုင်တာပေါ့နော်၊ အဲဒါ လိုက်ရှင်းရတာ တစ်ခါတလေကျရင်။ အဓိကကတော့ ၇ တန်း၊ ၈ တန်းအောင် အသက်ငယ်သေးတဲ့ Nurse လေးတွေရဲ့ ဆက်ဆံရေး (Public Relation) ပေါ့နော်” လို့ သူက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကျေးရွာတချို့မှာ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ကုသနေကြတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေ ရှိနေပြီး၊ သူတို့ရဲ့ စားဝတ်နေရေးအရ ငဲ့ညှာပြီး စည်းကမ်းတင်းကျပ်တာ မလုပ်သေးပေမဲ့ ကုသမှု အမှားအယွင်း လုပ်မိလို့ တစ်ကြိမ်၊ နှစ်ကြိမ် ခေါ်ယူဆုံးမခဲ့ဖူးကာ နောက်ထပ် ကြီးလေးတဲ့ အမှားအယွင်း ဖြစ်ပေါ်ရင်တော့ ဆေးခန်းပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ဒေါက်တာ လားရမ်ဇာဝက ဆိုပါတယ်။
ကာကွယ်ဆေး မထိုးရသေးသည့် ကလေးငယ်များနှင့် စစ်ဆေးရေးဂိတ် အခြေအနေ
ကာကွယ်ဆေး ထိုးနှံရေးအပိုင်းမှာတော့ ဟွာလ်ငိုးရမ်း ကျန်းမာရေးဌာနဟာ ထိန်းချုပ်နယ်မြေအတွင်း တစ်နှစ်ကို ငါးကြိမ် လှည့်လည်ထိုးနှံပေးသလို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာလည်း ရိဒ်ဆေးရုံနဲ့ တာဝန်ခံနေအိမ်ဘေးမှာ ထိုးနှံပေးနေတာကြောင့် ထိန်းချုပ်နယ်မြေအတွင်းက ကလေး ၉၅ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေး ထိုးပေးနိုင်ပြီလို့ ဒေါက်တာ လားရမ်ဇာဝက ပြောပါတယ်။
စစ်ဘေးရှောင် (IDP) မိသားစုတွေကတော့ တစ်နေရာကနေ တစ်နေရာ မကြာခဏ ရွှေ့ပြောင်းနေကြရတဲ့အတွက် စာရင်းဇယားနဲ့ ကာကွယ်ဆေး လွှမ်းခြုံမှုမှာ အခက်အခဲ ရှိနေပါတယ်။
အကြီးမားဆုံး စိန်ခေါ်ချက်ကတော့ HPO မထိန်းချုပ်နိုင်တဲ့ ZRA လှုပ်ရှားစိုးမိုးရာ ကျေးရွာတွေ (Dalkhai, Ngentee, Tuisanzang စတဲ့ ရွာတွေ) မှာ ဖြစ်ပါတယ်။ အဲဒီရွာတွေမှာ အသက် သုံးနှစ်အရွယ် ရောက်တဲ့အထိ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးတဲ့ ကလေးငယ် အများအပြား ရှိနေတယ်လို့ ဒေါက်တာ လားရမ်ဇာဝက ပြောပြပါတယ်။
အဲဒီကလေးတွေကို လုံခြုံတဲ့ နေရာတွေဆီ ခေါ်ယူပြီး အစကနေ ပြန်လည်ထိုးနှံပေးနေရပေမဲ့ တစ်ခါတလေ ZRA တပ်ဖွဲ့ရဲ့ နှောင့်ယှက်မှုတွေ ကြုံရသလို အလှူရှင်အဖွဲ့ရဲ့ စာရင်းဇယားနဲ့ ကိုက်ညီအောင် ဆောင်ရွက်ရတာလည်း အခက်အခဲ ရှိနေပါတယ်။
ဆေးဝါးထောက်ပံ့မှု အပိုင်းမှာတော့ Chin Health Organization (CHO) က အဓိက ထောက်ပံ့ပေးပြီး ကျန်းမာရေးဌာနက တိုက်ရိုက်ခွဲဝေပေးသလို၊ အခြား ကျန်းမာရေးဆေးခန်နေရာ ရွာတွေကိုတော့ အလှူရှင် ညွှန်ကြားချက်အတိုင်း ပို့ဆောင်ပေးပါတယ်။
ဒါပေမဲ့ အိန္ဒိယနယ်စပ်ဘက်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့က အစစ်အဆေး တင်းကျပ်တဲ့အခါ ဝေးလံတဲ့လမ်းကနေ ပတ်သယ်ရတာ၊ မိုးတွင်းရေကြီးချိန်မှာ ရေကူးသမား ငှားပြီး သယ်ယူရတာတွေကြောင့် ခွဲစိတ်ခန်းသုံး ပစ္စည်းတွေ မကြာခဏ ပြတ်လပ်နေပါတယ်။
လူနာသယ်ယူပို့ဆောင်ရာမှာ စစ်ဆေးရေးဂိတ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တီအိုချောင်းနေ ဒေသခံအမျိုးသားကတော့ လူနာကားတွေ CDF ဂိတ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကြန့်ကြာတာမျိုး မကြားဖူးဘူးလို့ ပြောပါတယ်။
ဒေါက်တာ လားရမ်ဇာဝကတော့ ၂၀၂၄ ခုနှစ်အတွင်းက သာယာကုန်းရွာအနီးက လာတဲ့ လူနာတစ်ဦး စစ်ဆေးရေးဂိတ်မှာ ကြန့်ကြာခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ကြောင်း၊ အဲဒီတုန်းက ရန်သူဘက်က ဗုံးထောင်ထားလို့ မိုင်းရှင်းလင်းရေး လုပ်နေရတာကြောင့် ကြန့်ကြာခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ရဲဘော်တွေကို လူနာမှန်သမျှ ချက်ချင်းဖြတ်သန်းခွင့် (Pass) ပေးဖို့ သတိပေးထားတဲ့အတွက် အခုအခါ အရေးပေါ်လူနာအားလုံး ဂိတ်တိုင်းမှာ အဆင်ပြေနေပြီလို့ ရှင်းပြပါတယ်။
ဒါပေမဲ့ ညတွင်းချင်း ပို့ဆောင်ရမယ့် အရေးပေါ်လူနာတွေ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုတော့ ဆေးရုံမှာသာ ကပ်ထားနိုင်ပြီး ကျေးရွာတိုင်း သိရှိအောင် ဖြန့်ဝေနိုင်ခြင်း မရှိသေးပါဘူး။
အခမဲ့ ဆေးကုသခွင့်နှင့် ပတ်သက်၍ တာဝန်ရှိသူနှင့် ဒေသခံအကြား အမြင်ကွာဟချက်
ဆေးရုံမှာ လူနာတွေကို အခမဲ့ ကုသပေးမှုနဲ့ ဆေးကုသစရိတ် လျှော့ပေါ့ပေးမှု အပိုင်းမှာတော့ ကျန်းမာရေးတာဝန်ခံရဲ့ ပြောကြားချက်နဲ့ မြေပြင် ဒေသခံတစ်ဦးရဲ့ တွေ့ရှိချက်ကြားမှာ ကွာဟချက် ရှိနေပါတယ်။
ဒေါက်တာ လားရမ်ဇာဝရဲ့ ပြောပြချက်အရ ရိဒ်ဆေးရုံမှာ ကလေးမီးဖွားတဲ့ မိခင်တွေနဲ့ မည်သည့် တော်လှန်ရေးရဲဘော်မဆို အခမဲ့ (FOC) ကုသပေးပြီး၊ ဆေးရုံတက် လူနာတိုင်းနဲ့ လူနာစောင့် တစ်ဦးစီအတွက် မနက်စာနဲ့ ညနေစာ ထမင်းကို အခမဲ့ ကျွေးမွေးနေပါတယ်။
ကျန်တဲ့ သာမန်လူနာတွေကတော့ စရိတ်မျှပေး စနစ်နဲ့ ကုသမှုခံယူရပြီး၊ ဝင်ငွေနည်းတဲ့ မိသားစုတွေနဲ့ စစ်ဘေးရှောင် (IDP) တွေအနေနဲ့ သတ်မှတ်ပုံစံ (Form) ဖြည့်စွက်ပြီး လျှောက်ထားလာရင် NGO ရဲ့ လူသားချင်းစာနာမှု အစီအစဉ်ကနေ ဆေးကုသစရိတ် လျှော့ပေါ့ပေးတယ်လို့ သူက ဆိုပါတယ်။
“ဒီလို ဆေးတွေ လာကုတဲ့အခါမှာ ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ စစ်ဘေးရှောင်တွေ သီးသန့်အတွက် ဈေးနှုန်းလျှော့ပေးတာမျိုး ရှိတယ်။ Form ဖြည့်ပြီးတော့ သူတို့ လာတောင်းလို့ရှိရင်တော့ ရတယ်” လို့ ဒေါက်တာ လားရမ်ဇာဝက ပြောပါတယ်။
ဒါပေမဲ့ ဒေသခံ အမျိုးသားပြည်သူတစ်ဦးကတော့ မြေပြင်မှာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွှယ်သူတွေသာ ကင်းလွတ်ခွင့် ရနိုင်ပြီး ဘာအဖွဲ့အစည်းနဲ့မှ မပတ်သက်တဲ့ သာမန် CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ကင်းလွတ်ခွင့် ရတာမျိုး မတွေ့မိသေးဘူးလို့ အခုလို ပြောပါတယ်။
“ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ နွယ်တဲ့ CDM သမားပေါ့၊ အဲဒီလို ဟာမျိုးလေးတွေက ပုဂ္ဂိုလ်ရေး ပတ်သက်မှုနဲ့ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်လို့ ကင်းလွတ်ခွင့် ရကောင်းရလိမ့်မယ်။ ကျန်တဲ့ ဒီမှာတော့ CDM တွေ အများကြီးပါပဲ။ ရိုးရိုးသာမန် ဘာအဖွဲ့မှ မဟုတ်တဲ့ လူကတော့ အဲဒါ ကျွန်တော် ခုထိတော့ မတွေ့မိပါဘူး။”
အဲဒီအချက်က ဆေးရုံဘက်မှာ Form ဖြည့်ပြီး ကုသစရိတ် လျှော့ပေါ့ခွင့် တောင်းခံနိုင်တဲ့ အစီအစဉ် ရှိနေပေမဲ့၊ အဖွဲ့အစည်းနဲ့ မပတ်သက်တဲ့ သာမန်ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကြားမှာ အဲဒီအခွင့်အရေးကို သိရှိလက်လှမ်းမီမှု အားနည်းနေသေးတာ ဒါမှမဟုတ် လက်တွေ့ခံစားခွင့် မရသေးတာကို ပြသနေပါတယ်။
အယ်ဒီတာအဖွဲ့၏ ဆောင်ရွက်ချက်နှင့် စာဖတ်သူများ ပါဝင်နိုင်မှု
The Zoland Post သတင်းဌာန အနေနဲ့ ဟွာလ်ငိုးရမ်းဒေသက ဝေးလံခေါင်ဖျား ကျေးရွာတွေမှာ ကျေးလက်ကျန်းမာရေးဌာန တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ZRA ထိန်းချုပ်ရာ ရွာတွေက ကလေးငယ်တွေ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်ရေးနဲ့ ဆေးရုံရဲ့ ဆေးကုသစရိတ် သက်သာခွင့် (Form လျှောက်ထားမှု) စနစ်ကို သာမန်ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိရှိအသုံးပြုနိုင်ရေး ကိစ္စရပ်တွေအပေါ် သက်ဆိုင်ရာ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေထံ ဆက်လက်မေးမြန်း စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ မိမိတို့ရဲ့ အတွေ့အကြုံတွေ၊ မေးခွန်းတွေနဲ့ ပြန်လည်ရှင်းလင်းချက်တွေကို The Zoland Post ရဲ့ လူမှုကွန်ရက် စာမျက်နှာ Messenger နဲ့ တရားဝင် အီးမေးလ် လိပ်စာတွေကတစ်ဆင့် လုံခြုံစိတ်ချစွာ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
By – စနေမိုး (Edited by – Editorial Team)
