The Zoland Post | နိုဝင်ဘာ၁၃ ၊ ၂၀၂၆
သုံးသပ်ဆောင်းပါ

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုကိုကြီးပုံ
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ချန်လှပ်ထားခဲ့ပြီး ပျက်ပြယ်ပြီးဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုသာ ပြန်လည်အသက်သွင်းဖို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် Trend News Journal နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းလည်းဖြစ်သူ ဦးကိုကိုကြီးက အမေရိကန်ရဲ့ မြန်မာ့အရေးမူဝါဒ၊ တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍနဲ့ လက်ရှိနိုင်ငံရေး အခြေအနေများအပေါ် စစ်ကောင်စီဘက်မှ ရပ်တည်ကာ သုံးသပ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုများကို ဖယ်ကျဉ်ရန် သွယ်ဝိုက်ပြောဆိုမှု
အဆိုပါ အင်တာဗျူးမှာ ဦးကိုကိုကြီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်ရေး (All-Inclusive) မူဝါဒဟာ လက်တွေ့တွင် မဖြစ်နိုင်ကြောင်းနဲ့ မပါဝင်နိုင်တဲ့ အင်အားစုတွေကို ချန်လှပ်ထားခဲ့ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရ၏ မဟာဗျူဟာတွင် NUG နဲ့ PDF တို့ကို ထည့်သွင်းထားမှုအပေါ် သူက ကန့်ကွက်သည့်သဘောနဲ့ ဝေဖန်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ မပါဝင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ရမယ်လို့ ဆိုပါတယ်။
ပျက်ပြယ်ပြီးသား NCA ကို ပြန်လည်ဆွဲသွင်းလိုခြင်း
ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်မည်ဆိုပါက NCA စာချုပ်အပေါ်တွင်သာ အခြေခံပြီး နိုင်ငံရေးအရ ညှိနှိုင်းရမယ်လို့ ဦးကိုကိုကြီးက အခိုင်အမာ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကနေ NCA စာချုပ်သည် တရားဝင်မှု ပျက်ပြယ်သွားပြီဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) အများစုနဲ့ တော်လှန်ရေးအင်အားစုတွေက အတိအလင်း ကြေညာထားပြီး ဖြစ်ပါတယ်။
ဒီအခြေအနေကို လျစ်လျူရှုကာ NCA ကို ပြန်ကိုင်စွဲနေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်တပ်ကြီးစိုးရေး ယန္တရားအောက်ဆီ တော်လှန်ရေးအင်အားစုတွေ ပြန်ဝင်လာစေဖို့ လမ်းကြောင်းပေးနေခြင်းသာ ဖြစ်ပါတယ်။
ရာဇဝတ်မှုများကို တော်လှန်ရေးနယ်မြေများအပေါ် ပုံချပုံဖျက်ခြင်း
တစ်ဆက်တည်းမှာပင် ဦးကိုကိုကြီးက လက်ရှိဖြစ်ပွားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)၊ မူးယစ်ဆေးဝါးနဲ့ မြေရှားသတ္တု တရားမဝင်တူးဖော်မှု ပြဿနာတွေဟာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနဲ့ တရားဥပဒေစိုးမိုးမှု ကင်းလွတ်တဲ့ နေရာတွေကို အကြောင်းပြီးပေါ်ပေါက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော် လက်တွေ့မြေပြင်မှာ ကျားဖြန့်နဲ့ မူးယစ်ဆေးဝါး လုပ်ငန်းအများစုမှာ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်တပ်ကျောထောက်နောက်ခံ ပြည်သူ့စစ်နယ်မြေတွေမှာသာ အဓိက အခြေစိုက်လုပ်ကိုင်နေကြခြင်း ဖြစ်ပါတယ်။ အခုလို ပြောဆိုခြင်းမှာ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ပြီး တော်လှန်ရေးထိန်းချုပ်နယ်မြေတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကြောင့် ဖြစ်ရသယောင် ပုံဖျက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။၏
နိုင်ငံတကာ၏ စစ်ကောင်စီဆန့်ကျင်ရေး မူဝါဒများကို ဝေဖန်ခြင်း
အမေရိကန်အပါအဝင် နိုင်ငံတကာအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ကူညီပေးနေခြင်းနဲ့ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှု (Sanctions) တွေ ချမှတ်နေခြင်းကိုလည်း သူက ဝေဖန်ခဲ့ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေကြောင့် ပြည်သူများသာ နစ်နာရသည်ဟူသော စစ်တပ်လော်ဘီများ သုံးစွဲလေ့ရှိတဲ့ အကြောင်းပြချက်ကို ကိုးကားပြောဆိုခဲ့ပြီး၊ အမေရိကန်အစိုးရသစ် လက်ထက်မှာ စစ်ကောင်စီနဲ့ ပြန်လည်ဆက်ဆံ (Engage) လာဖို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်သူ့မဲဆန္ဒကို မှေးမှိန်စေပြီး စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လမ်းခင်းပေးခြင်း

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအများစုနဲ့ အနိုင်ရခဲ့သော်လည်း နိုင်ငံရေးအရ ဘယ်လိုအပြောင်းအလဲမှ မဖြစ်ခဲ့ကြောင်း ဦးကိုကိုကြီးက ဝေဖန်ခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို တစ်စုံတစ်ရာ ဝေဖန်ခြင်းမရှိဘဲ ရွေးကောက်ခံအစိုးရကိုသာ အပြစ်တင်ပြောဆိုခြင်းဟာ စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေတဲ့ အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးထွက်ပေါက်နဲ့ တရားဝင်မှု ရရှိစေဖို့ ကြိုတင်လမ်းခင်းပေးနေတာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ဦးကိုကိုကြီးရဲ့ အင်တာဗျူးပါ ပြောဆိုချက်တွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လျစ်လျူရှုထားပြီး၊ နိုင်ငံတကာနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက် ဖန်တီးပေးဖို့ ကြိုးပမ်းနေမှုသာ ဖြစ်ပါတယ်။
ရေးသားသူ – ဂျာနယ်လစ် ဝေဟင်ထက် (နိုဝင်ဘာ ၁၃၊ ၂၀၂၆)
