The Zoland Post | မေ ၁၉ ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့နေအိမ်တွေကို ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက သတင်းကောင်းပါး လိုက်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ တပ်စခန်းအဆောက်အအုံတွေကို ရှင်းလင်းဖျက်ဆီးပြီးဖြစ်ပေမဲ့ ပြည်သူတွေအနေနဲ့ နေအိမ်ပြန်ရောက်တဲ့အခါ အထူးသတိထားရမယ့် အချက်တွေကိုလည်း တပါတည်း ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် စစ်စခန်းဟောင်းအတွင်းနဲ့ ပတ်ဝန်းကျင်မှာ နင်းမိုင်းတွေ၊ တိုက်မိုင်းတွေ ကျန်ရှိနေနိုင်တာကြောင့် မလိုအပ်ဘဲ မဝင်ကြဖို့နဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီး၊ ခဲယမ်းတွေတွေ့ရင်လည်း ကိုယ်တိုင်မကိုင်တွယ်ဘဲ မြို့တွင်းက ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို အမြန်ဆုံး အကြောင်းကြားပေးဖို့ ဆိုပါတယ်။
ဒါ့အပြင် ရန်သူဟာ လေကြောင်းကနေ တိုက်ခိုက်တာမျိုးအပြင် မြေပြင်စစ်ကြောင်းတွေပါ ထပ်မံဝင်ရောက် လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ၊ သတိတွေနဲ့ နေထိုင်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စစ်ဘက်လုံခြုံရေး စည်းကမ်းတွေကိုလည်း တိကျစွာ လိုက်နာပေးကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။
ထူးခြားချက်အနေနဲ့ တိုက်ပွဲကာလအတွင်းမှာ တော်လှန်ရေးရဲဘော်တွေဟာ လေကြောင်းရန်ကို ရှောင်ရှားဖို့ အတွက် ပြည်သူ့နေအိမ်အချို့မှာ ခေတ္တဝင်ရောက် နေထိုင်ခဲ့ရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို နေထိုင်စဉ်အတွင်းမှာ ရိက္ခာနဲ့ အသုံးအဆောင်အချို့ကို ယူငင်သုံးစွဲခဲ့တာတွေ ရှိခဲ့တဲ့အပေါ် မိဘပြည်သူတွေ အနေနဲ့ စာနာနားလည်ပေးဖို့ မေတ္တာရပ်ခံထားပြီး “အဲဒီကုန်ကျစရိတ်တွေ အားလုံးကို ကျွန်တော်တို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနကနေ ပြန်ပြီး တာဝန်ယူပေးသွားမှာပါ” လို့ အသိပေး ပြောကြားထားပါတယ်၊၊
