The Zoland Post | ဧပြီ ၃၀၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အညာမြေတပ်ပေါင်းစုနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧပြီလ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေဆင်နွှဲခဲ့ပြီး မြိုင်မြို့အရှေ့မြောက်ဘက်က စစ်ကောင်စီဂိတ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေအပြင် ကင်းထောက်ဒရုန်းတစ်စီးကိုပါ သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အညာမြေတပ်ပေါင်းစု၊ ပခုက္ကူခရိုင် အမှတ် (၂၊ ၆၊ ၇) တပ်ရင်းတွေ၊ မကွေး PDF (MGY) နဲ့ မြိုင် (ပ.က.ဖ) တို့ ပူးပေါင်းပြီး မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အမာခံစခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့မှာတော့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ မြိုင်မြို့အရှေ့မြောက်ဘက်က စစ်ကောင်စီနဲ့ ရဲတွေ အထိုင်ချထားတဲ့ ဂိတ်စခန်းကို တစ်နာရီကြာအောင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ “တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဂိတ်မှာရှိနေတဲ့ စစ်သားတွေနဲ့ ရဲတွေအားလုံး ဂိတ်ကိုစွန့်ခွာပြီး ထွက်ပြေးသွားကြပါတယ်” လို့ အညာမြေတပ်ပေါင်းစုက ပြောပါတယ်။
အဲဒီဂိတ်ကနေ လက်ပစ်ဗုံး ၂ လုံး၊ G3 ကျည် ၁၁၅ တောင့်၊ ကျည်ဘောက်တွေနဲ့ စစ်သုံးပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး ဂိတ်ကိုလည်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဧပြီလ ၂၆ ရက်နဲ့ ၂၈ ရက်နေ့တွေမှာလည်း နာမည်ကျော် ကန်နီပျူစောထီးကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီ ၂၆ ရက် တိုက်ပွဲမှာတော့ ပျူစောထီးတွေဆီကနေ ကင်းထောက်ဒရုန်းတစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ကန်နီကျေးရွာဟာ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်း ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ အမာခံကျေးရွာဖြစ်ပြီး အနီးနားက အိုးဘိုရွာနဲ့ ကန်နက်ရွာတွေကို မကြာခဏ စစ်ကြောင်းထိုး မီးရှို့လုယက်နေတဲ့ ရွာဖြစ်ပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ရိက္ခာလမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် ကန်နီရွာက ပျူစောထီးတွေဟာ ရိက္ခာပြတ်လပ်ပြီး ထန်းအူတွေ ပေါက်စားနေရတဲ့အထိ အခြေအနေဆိုးနေတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ပေါင်းစုကတော့ “ဒေသတွင်းမှာ ရမ်းကားနေတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေအနေနဲ့ အကြမ်းဖက်တာတွေကို ချက်ချင်းရပ်တန့်ကြဖို့ ပြင်းပြင်းထန်ထန် သတိပေးပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
