အယ်ဒီတာ့အာဘော်

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ပါတီခေါင်းဆောင်ပိုင်းကို နိုင်ငံခြားသံရုံးမှ ပုဂ္ဂိုလ်များနှင့် ခွင့်ပြုချက်မယူဘဲ တွေ့ဆုံမှုဖြင့် အရေးယူမည်ဟု ထုတ်ပြန်လိုက်ခြင်းသည် မြန်မာ့နိုင်ငံရေးလောကအတွက် အလွန်ကြီးမားသော သတိပေးခေါင်းလောင်းသံ တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၁၃) ရက်နေ့ညက ဒေါ်သက်သက်ခိုင်အား နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်ပြီး တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း၊ ဤဖြစ်ရပ်က စစ်အာဏာရှင်စနစ်၏ “သစ္စာမဲ့မှု” နှင့် မိတ်ဖက်အဖွဲ့အစည်းများအပေါ် ထားရှိသည့် သဘောထားမှန်ကို ကွက်ကွက်ကွင်းကွင်း မြင်သာစေခဲ့သည်။
ဒေါ်သက်သက်ခိုင်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ယန္တရားလည်ပတ်ရေးတွင် လူကယ်ပြန်ဝန်ကြီးအဖြစ် တက်ကြွစွာ ပါဝင်အားဖြည့်ခဲ့သူ တစ်ဦးဖြစ်သည်။ သို့သော် ပြည်သူလူထုတစ်ရပ်လုံး လေးစားကြည်ညိုသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပင် မတရားပုဒ်မများတပ်ကာ ဖမ်းဆီးထောင်ချရဲသည့် စစ်အုပ်စုသည် ဒေါ်သက်သက်ခိုင်ကဲ့သို့သော ၎င်းတို့၏ မဟာမိတ်များကိုလည်း ညှာတာလိမ့်မည်မဟုတ်ကြောင်း ယခုဖြစ်စဉ်က သက်သေပြလိုက်ခြင်း ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အကျိုးစီးပွားကို အနည်းငယ်မျှ ထိပါးလာနိုင်သည်ဟု ယူဆပါက မည်သူ့ကိုမဆို နှိပ်ကွပ်ရန် ဝန်လေးမည်မဟုတ်ပေ။
ဤဖြစ်စဉ်ကို သုံးသပ်ကြည့်ပါက စစ်အုပ်စုသည် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း၍ရသော မဟာမိတ်များကို ရှာဖွေနေခြင်း မဟုတ်ကြောင်း ထင်ရှားသည်။ ၎င်းတို့ လိုလားသည်မှာ စစ်ဖိနပ်အောက်တွင် ခေါင်းငုံ့ခံမည့်သူ၊ ခိုင်းသမျှ တသွေမတိမ်း လုပ်ဆောင်မည့်သူနှင့် “စစ်ကျွန်” စိတ်ဓာတ်ရှိသူများကိုသာ ဖြစ်သည်။ “သုံးပြီးလျှင် ပစ်လိုက်မည့်” (Use and Throw) မူဝါဒကို ကျင့်သုံးနေသော စစ်အာဏာရှင်အောက်တွင် မူဝါဒအရ စည်းရုံးခြင်း၊ နိုင်ငံရေးအရ အပေးအယူလုပ်ခြင်းတို့သည် မည်သို့မျှ ဖြစ်နိုင်ချေမရှိသော အိပ်မက်များသာ ဖြစ်သည်။ ယခင်ကလည်း ရွေးကောက်ပွဲဝင်မည့် ဒေါ်သက်သက်ခိုင်ကို ချေးငွေကိစ္စ အကြောင်းပြကာ ပယ်ဖျက်ခဲ့ဖူးသည်ကို ထောက်ရှုလျှင် စစ်ကောင်စီသည် ဥပဒေကို လက်နက်သဖွယ် အသုံးချ၍ ၎င်းတို့ စိတ်တိုင်းကျ ကစားနေခြင်းသာ ဖြစ်သည်။
ပညာရှင်များနှင့် ချင်း (ဇို) လူငယ်ခေါင်းဆောငင်များ သုံးသပ်ထားသကဲ့သို့ပင် ဒေါ်သက်သက်ခိုင်ကဲ့သို့ စစ်ကောင်စီအပေါ် အကျိုးပြုခဲ့သူ၊ လူသိများထင်ရှားသူကိုပင် ညှာတာမှုမရှိဘဲ နိုင်ငံရေးကောက်ကျစ်စဉ်းလဲမှုများဖြင့် ဖိနှိပ်နေပါက ဒေသတွင်းရှိ စစ်တပ်ယန္တရားကို ထောက်တိုင်ပြုနေသော အဖွဲ့အစည်းများနှင့် ပါတီငယ်များ၏ ရှေ့ရေးသည် မည်မျှ အန္တရာယ်ကြီးမားနေသနည်း ဆိုသည်ကို အလေးအနက် စဉ်းစားသင့်ပေသည်။ စစ်ကောင်စီက ကျင်းပနေသောနေသော ရွေးကောက်ပွဲဆိုသည်မှာလည်း နိုင်ငံတကာထွက်ပေါက်အတွက် ဖန်တီးထားသော အတုအယောင် လုပ်ရပ်သာဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများသည် လူမျိုးနှင့် ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်တပ်ထားသော်လည်း လက်တွေ့တွင်မူ ကိုယ်ကျိုးစီးပွား ရှာဖွေလိုသူများသာ ဖြစ်ကြောင်း ပြည်သူများက ရှင်းလင်းစွာ သိမြင်ထားပြီး ဖြစ်သည်။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ အခွင့်အရေးများကို မည်သည့်နည်းနှင့်မျှ ရရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ပြည်သူလူထုနှင့် တိုင်းရင်းသားအင်အားစုများ အနေဖြင့် ယခုဖြစ်စဉ်ကို ကြီးမားသော သင်ခန်းစာအဖြစ် ရယူကာ စစ်ကျွန်ဘဝမှ အပြီးတိုင် လွတ်မြောက်ရေးအတွက် မိမိတို့ ချမှတ်ထားပြီးသော သန္နိဋ္ဌာန်များကို လက်တွေ့နယ်ပယ်တွင် ပိုမိုထိရောက်ပြတ်သားစွာ အကောင်အထည်ဖော်ရမည့် အချိန်အခါဖြစ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် လက်ရှိ ကြိုးပမ်းအားထုတ်မှုများကို ရာနှုန်းပြည့်သာမက ဆတက်ထမ်းပိုး တိုးမြှင့်ဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့ မျှော်လင့်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း အလေးအနက်ထား သုံးသပ်ဆွေးနွေးလိုက်ရပါသည်။
The Zoland Post Editorial Team
#TheZolandPost #Editorial #DawThetThetKhine #MyanmarPolitics #MilitaryDictatorship #ShamElection #FederalDemocracy #ChinYouthVoice
