The Zoland Post | အထူးဆောင်းပါး
အောက်တိုဘာလ ၁၆

“အခု ကျွန်မ ဆေးခန်းသွားတယ်။ ဆေးခန်းသာ သွားနေရတာ ဒေတာ (Data) တွေ ဘာတွေ လုပ်ပြီးတော့ လူနာလည်း မကြည့်နိုင်တော့ဘူး၊ ဆေးလည်း မရှိတော့ဘူးပေါ့လေနော်။ ဆေးခန်းလာတဲ့ အဘိုးအဘွားတွေကို ဆေးမရှိတော့ဘူးနော်၊ ဟိုဘက်မှာ သွားဝယ်နော်လို့ ပြောလိုက်ရင်တောင်မှ ‘အာ မဝယ်တော့ပါဘူး၊ ဒီအတိုင်းပဲ နေလိုက်တော့မယ်၊ ပိုက်ဆံမရှိဘူး’ ဆိုတဲ့ ပြဿနာတွေ အများကြီး ကြုံရတာပေါ့”
ဒါကတော့ ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝနဲ့ ထန်တလန် မြို့နယ်သုံးခုအတွင်း ရှိနေတဲ့ မရာနယ်မြေထဲက အရပ်ဘက်အဖွဲ့အစည်း ဆေးခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ကျန်းမာရေးဆရာမတစ်ဦး ပြောပြတဲ့ မြေပြင်အခြေအနေ ဖြစ်ပါတယ်။
မရာနယ်မြေဟာ မြို့နယ်သုံးခုစလုံးရဲ့ အစွန်အဖျားနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်အနီးမှာ တည်ရှိပြီး လက်ရှိမှာ Maraland Territorial Council / Maraland Defense Force (MTC/MDF) က ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စီမံခန့်ခွဲ ဆောင်ရွက်နေတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း ပြိုလဲသွားခဲ့တဲ့ ကျန်းမာရေးစနစ်ကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းပြီး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေကြပေမဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှု၊ ဆေးဝါးသယ်ယူစရိတ် ကြီးမြင့်မှုနဲ့ ရန်ပုံငွေ မလုံလောက်မှုတွေကြောင့် မြေပြင်က ပြည်သူတွေဟာ အသက်ရှင်သန်ရေးအတွက် ကြီးမားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒီဆောင်းပါးဟာ ချင်းပြည်နယ်အတွင်း ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ မြေပြင်မှာ ဘယ်လိုလည်ပတ်နေသလဲ၊ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်နဲ့ ပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ လက်တွေ့ကြုံတွေ့နေရတဲ့ အခြေအနေကြားမှာ ဘယ်လိုကွာဟချက်တွေနဲ့ လိုအပ်ချက်တွေ ရှိနေသလဲဆိုတာကို လေ့လာတင်ပြထားတာ ဖြစ်ပါတယ်။
တိုက်နယ်ဆေးခန်း ခြောက်ခု ဖွင့်လှစ်နိုင်မှုနှင့်အတူ လူနာ ၂၀၀ စာ ဆေးဝါးကန့်သတ်ချက်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မရာဒေသမှာ ကာကွယ်ဆေးထိုးနှံမှုနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ လုံးဝ ရပ်တန့်ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ MTC အုပ်ချုပ်ရေးအဖွဲ့က အကူအညီပေးနိုင်တဲ့ အရပ်ဘက် NGO အဖွဲ့အစည်းတွေနဲ့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးချိတ်ဆက်ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ပြန်လည်စတင်နိုင်ခဲ့တယ်လို့ MTC ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဌာန ပူးတွဲတာဝန်ခံ အမှုဆောင်အတွင်းရေးမှူး က ပြောပါတယ်။
“ပြည်သူလူထုက ကာကွယ်ဆေးထိုးဖို့ လုံးဝ မမျှော်လင့်နိုင်တော့တဲ့ အချိန်ကျမှ ပြန်လုပ်ပေးနိုင်တော့ ပြည်သူတွေ တော်တော်ကျေနပ်ကြတယ်။ အခု ကျွန်တော်တို့ တိုက်နယ် ခြောက်ခုမှာ တိုက်နယ်တစ်ခုကို ကျေးလက်ကျန်းမာရေးဌာန (CHC) တစ်ခုစီ ထားနိုင်တယ်။ CHC တစ်ခုမှာ သားဖွားဖြစ်ဖြစ်၊ သူနာပြုဖြစ်ဖြစ် နှစ်ယောက်စီ ထားပြီးတော့ ကာကွယ်ဆေးထိုးတာကအစ မွေးကင်းစ ကလေးငယ်တွေ ပြုစုတာ၊ ပြင်ပလူနာကြည့်တာနဲ့ နယ်လှည့်ဆေးကုသရေးတွေ လုပ်ပေးနိုင်တယ်” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ ဘာသာရေး ဆေးရုံ၊ ဆေးခန်းတစ်ခုလည်း ရှိပြီး အဲဒီမှာတော့ ဆရာဝန်တစ်ဦး ရှိကာ ပြင်ပပုဂ္ဂလိက ဆေးခန်းတွေထက် သက်သာတဲ့ ဈေးနှုန်းနဲ့ ဆေးဝါးရောင်းချ ကုသပေးနေပါတယ်။ အရပ်ဘက် NGO တစ်ဖွဲ့ကတော့ မရာကျေးရွာတချို့မှာ ငှက်ဖျားရောဂါ အခမဲ့ စစ်ဆေးကုသပေးသလို၊ MTC ရဲ့ ကျန်းမာရေးဝန်ကြီးဘက်ကလည်း စာသင်ကျောင်းတွေမှာ ကလေးတွေကို သန်ချဆေး လိုက်လံတိုက်ကျွေးပေးတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ကျန်းမာရေးဆရာမကတော့ အဲဒီဝန်ဆောင်မှုတွေဟာ ကျေးရွာတိုင်းကို လက်လှမ်းမမီသေးဘဲ ရွာအများစုမှာ ငှက်ဖျားစစ်ဆေးကုသမှုလောက်သာ ရရှိနိုင်သေးတယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် ဆေးခန်းတွေမှာ လူကြီး၊ လူငယ်မရွေး အခမဲ့ ကုသပေးပေမဲ့ အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေနဲ့ ဆေးဝါးထောက်ပံ့နိုင်မှု အကန့်အသတ်ကြောင့် လစဉ် ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။
“ကျွန်မတို့ဆီမှာ ဝင်နေတဲ့ အရပ်ဘက်အဖွဲ့တွေကလည်း သူတို့ရဲ့ သတ်မှတ်ချက် (Target) တွေ ရှိတာပေါ့နော်။ ဥပမာ တစ်လမှာ လူနာ အယောက် ၂၀၀ အတွက်ပဲ ဆေးထောက်ပံ့ပေးနိုင်တယ်ဆိုရင် လူနာ ၂၀၀ ထက် များသွားတာနဲ့ အဲဒီလူတွေအတွက် ဆေးက ပြတ်သွားပြီ၊ မရှိတော့ဘူး။ အခုအချိန်မှာ ရာသီတုပ်ကွေးတွေ၊ ဝမ်းပျက်ဝမ်းလျှောတွေ တအားဖြစ်လာတော့ ဆေးဝါး တအားပြတ်လပ်နေတယ်” လို့ အဆိုပါ ဆရာမက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဒေသတွင်းမှာ CDM ရော Non-CDM ပါ ကျန်းမာရေးဝန်ထမ်း အမြောက်အမြား ရှိနေကြပေမဲ့ ဆေးခန်းတိုးချဲ့ဖို့နဲ့ ဝန်ထမ်းခန့်ထားဖို့ ဘတ်ဂျက် မရှိတာကြောင့် ကျန်းမာရေးဝန်ထမ်း အများစုဟာ အလုပ်ထွက်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် တောင်ယာစိုက်တာ၊ ဝက်မွေး၊ ကြက်မွေးတာနဲ့ ကျပန်းအလုပ်တွေ လုပ်ကိုင်နေကြရပါတယ်။ လက်ရှိ ဖွင့်ထားတဲ့ ဆေးခန်းတွေမှာတော့ ဝန်ထမ်း သုံး၊ လေးဦး ထားဖို့ မုန့်ဖိုးပေးစရာ ဘတ်ဂျက်တောင် မရှိတဲ့အတွက် ဝန်ထမ်း နှစ်ဦးတည်းနဲ့သာ လုပ်ကိုင်နေရပြီး လူနာများချိန်မှာ မနိုင်မနင်း ဖြစ်နေရတယ်လို့ သူက ဆိုပါတယ်။
လမ်းပိတ်ဆို့မှု၊ သယ်ယူစရိတ် ၁၀ သိန်းနှင့် အိန္ဒိယဆေးဝါး အခက်အခဲ
ဆေးခန်းတွေမှာ ဆေးပြတ်လပ်သွားတဲ့အခါ ပြည်သူတွေဟာ ပြင်ပ ပုဂ္ဂလိက ဆေးခန်းနဲ့ ဆေးဆိုင်တွေမှာ သွားရောက်ဝယ်ယူကြရပါတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုနဲ့ သယ်ယူပို့ဆောင်စရိတ် အဆမတန် ကြီးမြင့်မှုကြောင့် ပြင်ပဆေးဈေးနှုန်းတွေဟာ သာမန်ပြည်သူတွေ လက်လှမ်းမမီနိုင်တော့တဲ့ အခြေအနေ ရှိနေပါတယ်။
ဒေသတွင်း အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ရေဇွာ-လိုင်လင်းပီ ကားလမ်းမကြီးဟာ ၂၀၂၃ ခုနှစ်ကုန်နဲ့ ၂၀၂၄ ခုနှစ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြား ပွတ်တိုက်မှုနဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးကတည်းက ပိတ်ထားခဲ့တာ အခုချိန်ထိ ပြန်မပွင့်သေးဘူးလို့ CDM ကျန်းမာရေးဆရာမက ပြောပါတယ်။ လမ်းမကြီး ပိတ်ထားတဲ့အတွက် တောလမ်းကနေ ပတ်သွားရသလို၊ မြန်မာပြည်မဘက်က ဆေးဝါးတွေ မဝင်ရောက်နိုင်တော့ဘဲ အိန္ဒိယနိုင်ငံဘက်က ဆေးဝါးတွေကိုသာ အဓိက မှီခိုနေရပါတယ်။
ဒါပေမဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်- မြန်မာ နယ်စပ်ဂိတ်တွေမှာ အိန္ဒိယအာဏာပိုင်တွေက ဆရာဝန်လက်မှတ် ပါမှသာ ဆေးဝါးသယ်ယူခွင့်ပြုပြီး ပြင်ပသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် လိုသလောက် ဝယ်ယူလို့ မရဘူးလို့ MTC အမှုဆောင်အတွင်းရေးမှူးက ရှင်းပြပါတယ်။
အိန္ဒိယနယ်စပ်ကနေ လိုင်လင်းပီမြို့အထိ ကားသေးတစ်စီး ငှားရမ်းခဟာ မြန်မာငွေ ကျပ် ၁၀ သိန်းလောက် ကုန်ကျနေပြီး၊ မိုးတွင်းကာလ လမ်းပျက်ချိန်မှာတော့ ကာကွယ်ဆေးတွေ အချိန်ကြာလို့ ပျက်စီးမသွားအောင် လမ်းမှာ အထမ်းသမား (Carry) တွေ အဆင့်ဆင့် ချထားပြီး သယ်ယူရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ တချို့ ဝေးလံတဲ့ ဆေးခန်းတွေမှာ သယ်ယူစရိတ် မတတ်နိုင်တဲ့အတွက် ရရှိလာတဲ့ ဆေးဝါးရဲ့ ၃၀ ရာခိုင်နှုန်းကို ရောင်းချပြီး အဲဒီငွေနဲ့ သယ်ယူစရိတ် ပြန်စိုက်နေရသလို၊ ဝန်ထမ်းတွေ နယ်ဆင်းတဲ့အခါမှာလည်း ရုံးက ၁၀ မိုင်ကို သယ်ယူစရိတ် ကျပ် တစ်သိန်းပဲ တွက်ပေးပေမဲ့ မြေပြင်မှာ ကျပ် သုံးသိန်းလောက် ကုန်ကျနေတာကြောင့် လိုအပ်တဲ့ နှစ်သိန်းကို ဝန်ထမ်းတွေက ဟိုလှည့်ဒီလှည့်နဲ့ ဖြေရှင်းနေရတယ်လို့ CDM ဆရာမက ဆိုပါတယ်။
သယ်ယူစရိတ်အပြင် လမ်းခရီးမှာ ဆေးဝါးဖမ်းဆီးခံရမှုတွေကလည်း ဆေးဈေးနှုန်းကို ပိုမိုမြင့်တက်စေပါတယ်။ “ဆေးစရိတ်ထက် သယ်ယူစရိတ်က ပိုများတဲ့ဟာတွေ ရှိတတ်တယ်။ တစ်ခါတလေကျရင် သူတို့က ဆေး သုံးဖာ သယ်တယ်၊ တစ်ဖာက ဂိတ်မှာ ဖမ်းခံရတယ်ဆိုရင် အဲဒီတစ်ဖာအစား ရောက်လာတဲ့ နှစ်ဖာပေါ်မှာ တစ်ခါတည်း ဈေးတင်ချလိုက်တော့တာလေ။ သူတို့ မရှုံးဖို့ အရေးကြီးတယ်လေနော်” လို့ ဆရာမက ရှင်းပြပါတယ်။
ဒါ့အပြင် အိန္ဒိယဆေးဝါးတွေဟာ အရင်သုံးနေကျ မြန်မာဆေးဝါးတွေနဲ့ ဆေးပမာဏ (Dose) မတူညီတာ၊ တစ်ခါမှ မသိဖူးတဲ့ ဆေးအမည်တွေ ဖြစ်နေတာကြောင့် ကုသရာမှာ အခက်အခဲရှိသလို လမ်းခရီးကြမ်းတမ်းမှုကြောင့် ဆေးလုံးတွေ ကြေမွပျက်စီးတာတွေလည်း ကြုံနေရပါတယ်။
လက်ရှိ မရာဒေသမှာ ဆန်တစ်အိတ်ကို ကျပ် တစ်သိန်းကျော်နေပြီး ဝင်ငွေမရှိတဲ့ မိသားစုတွေဟာ ဟင်းမပါဘဲ ဆန်ချည်းပဲ စားနေရတဲ့ အခြေအနေမှာ ပြင်ပ ပုဂ္ဂလိကဆေးခန်း တစ်ခါပြရင် ဆေးဖိုး ကျပ် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ လောက် ကုန်ကျနေပါတယ်။ အရင်က ကျပ် ၆၀၀၊ ၇၀၀ သာ ရှိခဲ့တဲ့ အစာအိမ်ဆေး အိုမီပရာဇော (Omeprazole) တစ်ကတ်ဟာ အခုအခါ ကျပ် ၄,၀၀၀ အထိ ဈေးတက်သွားပြီ ဖြစ်ပါတယ်။
“ကုန်ဈေးနှုန်း အရမ်းမြင့်တော့ ဆေးခန်းတစ်ခါ ပြရမယ့်ဟာကို သုံးသောင်း၊ လေးသောင်းလောက် ဆေးဖိုးနဲ့ ကုန်သွားတော့ ဝင်ငွေမရှိတဲ့ လူတွေကျတော့ ဆေးခန်းမသွားတော့ဘဲနဲ့ ပါရာစီတမောတို့၊ အမောက်စလင်တို့ပဲ ဝယ်ပြီး သောက်နေကြရတယ်” လို့ ဒေသခံ အမျိုးသားက ပြောပါတယ်။
ဆေးဆိုင်တွေမှာ အဆမတန် ဈေးတင်ရောင်းချမှုနဲ့ သက်တမ်းလွန်ဆေးဝါး ရောင်းချမှုတွေကိုတော့ MTC အုပ်ချုပ်ရေးအဖွဲ့က မရာလူငယ်အသင်း၊ အမျိုးသမီးအသင်းတွေနဲ့ ပူးပေါင်းစစ်ဆေးပြီး၊ ပြီးခဲ့တဲ့ ကာလအတွင်း ကျေးရွာတချို့က ဆေးဆိုင်တွေမှာ ကျပ်သိန်း ၁၀၀ ကျော်ဖိုးရှိတဲ့ သက်တမ်းလွန် (Expired) ဆေးဝါးတွေကို သိမ်းဆည်းမီးရှို့နိုင်ခဲ့တယ်လို့ MTC အမှုဆောင်အတွင်းရေးမှူးနဲ့ ဒေသခံအမျိုးသားတို့က အတည်ပြုပါတယ်။
ပြင်ပဆေးခန်းတွေဟာ ကိုယ်ပိုင်ငွေနဲ့ သယ်ယူဖွင့်လှစ်နေကြတာဖြစ်လို့ ဆေးဈေးနှုန်းကို ဥပဒေနဲ့ ကန့်သတ်ထိန်းချုပ်ဖို့တော့ မလွယ်ကူသေးဘူးလို့ CDM ဆရာမက ပြောပါတယ်။
ခွဲစိတ်စရိတ် သိန်း ၆၀ နှင့် ကုသခွင့်မရဘဲ ဆုံးပါးသွားကြရသူများ
မရာဒေသတစ်ခုလုံးမှာ အရေးပေါ်လူနာနဲ့ ခွဲစိတ်ကုသရမယ့် လူနာတွေအတွက် ဓာတ်မှန်၊ အာထရာဆောင်း (Ultrasound) နဲ့ ခွဲစိတ်ခန်း ကိရိယာ အပြည့်အစုံရှိတဲ့ ဆေးရုံ တစ်ရုံမှ မရှိသေးပါဘူး။
အရေးပေါ် လူနာတွေကို မြန်မာဘက်ခြမ်းက လဟိန်နဲ့ ရေဇွာမြို့တွေဆီ ပို့မယ်ဆိုရင် ကြားမှာ ဘွေနူးချောင်း (Boinu River) ကို ကူးရပြီး မိုးရာသီ ရေကြီးချိန်မှာ ချောင်းကူးဖို့ နှစ်ရက်၊ သုံးရက်လောက် စောင့်ဆိုင်းရနိုင်တဲ့အတွက် လူနာအသက်အန္တရာယ် စိုးရိမ်ရပါတယ်။ တစ်ဖက်မှာလည်း Chinland Council (CC) နယ်မြေနဲ့ Chin Brotherhood (CB) နယ်မြေတွေကြား စစ်ရေးနဲ့ နိုင်ငံရေး ကွဲပြားမှုတွေ ရှိနေပေမဲ့ ကျန်းမာရေး လူနာလွှဲပြောင်းမှုနဲ့ အရေးပေါ် ဆေးဝါးသယ်ယူမှုတွေကို ပိတ်ပင်ခြင်း မပြုဖို့ နှစ်ဖက် တာဝန်ရှိသူတွေကြား နှုတ်အားဖြင့် သဘောတူညီချက် ရယူထားနိုင်တာကြောင့် နှာရိန် (Naring) လမ်းကြောင်းနဲ့ မတူပီဘက်က ဒေါက်တာရဲချစ်တို့ဆီ ချိတ်ဆက်အကူအညီ တောင်းခံနိုင်တယ်လို့ MTC အမှုဆောင်အတွင်းရေးမှူးက ပြောပါတယ်။
သို့ပေမဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆေးရုံပြည့်စုံမှုအရ မရာဒေသခံတွေ အဓိက အားထားပြီး သွားရောက်ကြရတဲ့ နေရာကတော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက နယ်စပ်နဲ့နီးတဲ့ မြို့တွေနဲ့ အိုက်ဇောလ် (Aizawl) မြို့က ဆေးရုံတွေပဲ ဖြစ်ပါတယ်။ ဒေသတွင်း ဂိတ်တွေမှာ လူနာပို့ဆောင်ရင် ဂိတ်ကြေးကောက်ခံတာ မရှိပေမဲ့ နယ်စပ်ဂိတ်ကြီးတွေမှာတော့ တစ်ခါတလေ ဂိတ်စောင့်တွေ တင်းမာမှုရှိချိန်တွေမှာ လူနာကားတွေကို ရစ်တာ၊ ကြန့်ကြာအောင် လုပ်တာတွေ ကြုံရတတ်တယ်လို့ CDM ဆရာမက ပြောပြပါတယ်။
အိန္ဒိယဘက်ကို လူနာပို့ဆောင်ဖို့ ပရဟိတကားရှိပြီး လူနာရှင်က ဒီဇယ်ဆီဖိုးနဲ့ ယာဉ်မောင်းနေ့တွက်စရိတ် အနည်းငယ်ပဲ ပေးရပေမဲ့၊ အဲဒီကားပျက်သွားတဲ့အခါ အဖွဲ့အစည်းတစ်ခုတည်း အားနဲ့ ပြန်မပြင်နိုင်တော့ဘဲ လူနာတွေ ဒုက္ခရောက်ကြရပါတယ်။ ပြင်ပကား ငှားမယ်ဆိုရင် ကားခချည်းသက်သက် ကျပ် ၁၀ သိန်း ပေးရတဲ့အပြင် ဆိုင်းဟာနဲ့ လောင်တလိုင်မြို့က ဆေးရုံတွေမှာ လူနာတစ်ယောက် ခွဲစိတ်ကုသဖို့ မြန်မာငွေ ကျပ် သိန်း ၅၀ ကနေ ၆၀ မရှိရင် ဆေးရုံတက်လို့ မရတော့ဘူးလို့ ဒေသခံ အမျိုးသားက ဆိုပါတယ်။

“လူတစ်ယောက် ခွဲစိတ်ဖို့ကို သိန်း ၅၀၊ ၆၀ မရှိဘဲနဲ့ ဆေးရုံတက်လို့ မရတော့ဘူးပေါ့နော်။ တချို့လူတွေက မနေ့တစ်နေ့ကလည်း အငြိမ်းစား ကျောင်းဆရာတစ်ဦး ဆုံးသွားတာပေါ့။ တကယ်လို့ သူက ပိုက်ဆံတတ်နိုင်လို့ရှိရင် ပြန်ကောင်းရမယ့် အခြေအနေကို ပိုက်ဆံမတတ်နိုင်တဲ့ အချိန်ကျတော့ ဒီမှာတင် အဲဒီလိုမျိုး ဆုံးသွားတဲ့ လူတွေလည်း လေးယောက်၊ ငါးယောက်လောက် ရှိတယ်” လို့ သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကို ပြောပြပါတယ်။
CDM ကျန်းမာရေးဆရာမကလည်း ငွေကြေးမတတ်နိုင်လို့ ဆေးရုံမသွားနိုင်တဲ့ မီးဖွားမိခင်တွေနဲ့ ဝေးလံတဲ့ရွာတွေက ငှက်ဖျားလူနာတွေ အသက်ဆုံးရှုံးခဲ့ရပုံကို အခုလို ရင်ဖွင့်ပါတယ်။
“တချို့ မီးဖွားရမယ့် မိခင်က ပိုဝေးတဲ့ ဆရာဝန်ရှိတဲ့ ဆေးရုံ၊ ဆေးခန်း သွားလိုက်ရင်တော့ အဆင်ပြေမယ် ဆိုပေမဲ့ သူတို့က ငွေကြေးကြောင့် မသွားလို့ အသက်ဆုံးရှုံးရတဲ့ ဟာလည်း ရှိသလို၊ ငှက်ဖျားတွေမှာဆိုရင် ရွာမှာ ဆေးလည်း မရှိဘူး၊ သိကျွမ်းနားလည်တဲ့ လူလည်း မရှိဘူး။ နောက်ဆုံးမှပဲ ငှက်ဖျားဆိုတာ သိလိုက်ရပေမဲ့ ဆေးတွေဘာတွေ မရှိလို့ အသက်ဆုံးရှုံးလိုက်ရတဲ့ ဟာတွေလည်း ကြုံဖူးပါတယ်။”
ဒါ့အပြင် စစ်ရေးနဲ့ လေကြောင်းအန္တရာယ်ကြောင့် တောတောင်တွေထဲ တိမ်းရှောင်ကြရတဲ့အခါမှာလည်း ရွာမှာနေရင် ကျန်းမာရေး ကောင်းမွန်ရမယ့် ကလေးငယ်တွေဟာ တောထဲမှာ ဝမ်းလျှောရောဂါနဲ့ ကျန်းမာရေး ချို့တဲ့မှုတွေကြောင့် အသက်မပြည့်သေးဘဲ ဆုံးပါးနေကြရတယ်လို့ ဒေသခံ အမျိုးသားက ပြောပါတယ်။
MTC အမှုဆောင်အတွင်းရေးမှူးကလည်း ဝေးလံခေါင်ဖျားတဲ့ ရွာတွေမှာ အရေးပေါ် မီးဖွားလူနာ ၁၀၀ မှာ နှစ်ယောက်၊ သုံးယောက်လောက်သာ CHC ကနေ ကြိုတင်ဆေးထိုးပေးပြီး ကားနဲ့ ဆေးရုံကို အချိန်မီ ရောက်ရှိနိုင်ကြကာ ကျန်တဲ့ မိသားစုတွေကတော့ လမ်းမှာ အရေးပေါ်ဖြစ်ရင် “ဘုရားအလိုတော်ပဲ” ဆိုပြီး စိတ်ဖြေလိုက်ကြရတာတွေ ရှိတယ်လို့ ဝန်ခံပါတယ်။ ဒီပြဿနာကို လျှော့ချနိုင်ဖို့အတွက် NGO တချို့နဲ့ ပူးပေါင်းပြီး ကျေးရွာတစ်ရွာမှာ အရန်သားဖွားနဲ့ ကူညီသူ အနည်းဆုံး တစ်ဦးကနေ နှစ်ဦးစီ ထားရှိနိုင်ဖို့ သုံးလတာ သင်တန်းပေးသွားဖို့ စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။
ကုစားသူမဲ့ စိတ်ဒဏ်ရာ၊ သတင်းအမှောင်ထုနှင့် အဖြေရှာရမည့် လိုအပ်ချက်များ
ခန္ဓာကိုယ် ကျန်းမာရေးအပြင် စစ်ပွဲနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ဒေသခံပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်မှာပါ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Trauma) တွေ ခံစားနေကြရပါတယ်။ ဒါပေမဲ့ မရာဒေသမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင် (Pamphlet) လာဝေသွားတဲ့ အဖွဲ့တစ်ခုကလွဲလို့ နှစ်သိမ့်ဆွေးနွေးပေးတာနဲ့ ဆေးဝါးကုသပေးတဲ့ ဝန်ဆောင်မှု လုံးဝ မရှိသေးပါဘူး။
CDM ကျန်းမာရေးဆရာမက ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ရှေ့တန်းနဲ့ နောက်တန်းမှာ ဒဏ်ရာရသူတွေကို ကယ်ထုတ်ကုသပေးခဲ့ပြီးနောက် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ စိတ်အခြေအနေကို အခုလို ပြောပြပါတယ်။
“အိမ်မှာ နှစ်ပတ်လောက် ခဏနားတဲ့ အချိန်မှာ ကျွန်မကတော့ ကိုယ့်ဟာကိုယ် ပုံမှန်ပဲလို့ ထင်တယ်။ ကျွန်မအဖေက ပြောတယ်၊ ‘နင် ဒီအတိုင်း ဆက်သွားရင် မဖြစ်တော့ဘူး။ နင် တအား စိတ်တိုလွယ်တယ်၊ စိတ်ဆတ်လွယ်တယ်။ ဒီအတိုင်း ဆက်နေရင် နင့်ဟာနင် တစ်ခါတလေ ကြိုးဆွဲချ သေမယ် ထင်တယ်’ တဲ့။ အခုချိန်မှာ ခရီးသည်တင် လေယာဉ်ပျံ လာရင်တောင်မှ ကျွန်မတို့ကို ဗုံးကြဲတော့မလား မသိဘူးဆိုပြီး ညအိပ်လို့မပျော်တဲ့အထိ စိုးရိမ်စိတ်တွေ များတယ်။ စိတ်ကျန်းမာရေး ကုသပေးတဲ့အဖွဲ့ လာရင်တော့ ကျွန်မ အရင်ဆုံး သွားရမယ် ထင်တယ်။”
တစ်ဖက်မှာလည်း ဒေသတွင်းက ကျေးရွာအများစုမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း မရှိတာကြောင့် အရေးပေါ် လူနာသယ်ယူဖို့နဲ့ ဆေးဝါးပြတ်လပ်မှု သတင်းပို့ဖို့ လူကြုံနဲ့ စာပါးတာ ဒါမှမဟုတ် ထမ်းစင်နဲ့ လူနာထမ်းသယ်တာတွေကိုသာ အားကိုးနေကြရပါတယ်။ အင်တာနက်ရတဲ့ နေရာတချို့မှာလည်း ပြင်ပဆိုင်တွေက အင်တာနက်သုံးခ တစ်နာရီ သို့မဟုတ် တစ်ရက်စာကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးရပြီး မိနစ်ပိုင်းအတွင်း ဒေတာကုန်သွားတာကြောင့် သာမန်ပြည်သူတွေ လက်လှမ်းမမီကြပါဘူး။
ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး NGO ဆေးခန်းတွေမှာ ပြည်သူ့သဘောထား တုံ့ပြန်ချက် (Community feedback) ရေးသားနိုင်တဲ့ စနစ် ထားရှိသလို ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကတစ်ဆင့် MTC ဆီ တင်ပြနိုင်ပေမဲ့ တရားဝင် ရုံးဖွင့်လှစ် လက်ခံဖြေရှင်းပေးတဲ့ တိုင်ကြားရေးစနစ်တော့ မရှိသေးပါဘူး။
ဆေးဝါးပြတ်လပ်မှုနဲ့ ကူးစက်ရောဂါ အခြေအနေတွေကို အုပ်ချုပ်ရေးဘက်က ကျန်းမာရေးတာဝန်ခံဆီ တင်ပြတဲ့အခါမှာလည်း အုပ်ချုပ်ရေးအဖွဲ့ကိုယ်တိုင် ရန်ပုံငွေ ကျပ်တည်းနေတာကြောင့် ငွေကြေးအမြောက်အမြား ကုန်ကျမယ့် ကိစ္စတွေကို ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်သေးဘူးလို့ CDM ဆရာမက ပြောပါတယ်။
ဒါ့အပြင် အခုလို မရာဒေသရဲ့ မြေပြင်ကျန်းမာရေး အခက်အခဲတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက လာရောက်ဆက်သွယ် မေးမြန်းတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း အဆိုပါ ဆရာမက ဆိုပါတယ်။
မြေပြင်က ကျန်းမာရေးဝန်ထမ်းနဲ့ ဒေသခံပြည်သူတို့ရဲ့ ပြောဆိုချက်တွေအရ မရာဒေသခံတွေရဲ့ အသက်ရှင်သန်ရေးနဲ့ ကျန်းမာရေးအတွက် အရေးတကြီး လိုအပ်နေတာကတော့ နှစ်ရှည်လများ ပိတ်ဆို့နေတဲ့ ရေဇွာ-လိုင်လင်းပီ ကားလမ်းမကြီး ပြန်လည်ပွင့်လင်းရေးနဲ့ အခြေခံဆေးဝါးတွေ အချိန်မီ လုံလောက်စွာ ရောက်ရှိရေးပဲ ဖြစ်ပါတယ်။
“လမ်းဖွင့်မှပဲ ပြည်မဘက်က ဆေးတွေလည်း လာနိုင်မယ်၊ စားဝတ်နေရေးလည်း အဆင်ပြေမှာ။ လမ်းပန်းဆက်သွယ်ရေးကြောင့် စားဝတ်နေရေးလည်း တော်တော်ခက်ခဲဖြစ်တယ်၊ ဆေးဝါး မလုံလောက်မှုကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးလည်း သွားချင်သလောက် မသွားနိုင်တော့ဘူး။ ဒီနှစ်ခုကတော့ အမြန်ဆုံး အဆင်ပြေရင် ပိုကောင်းတာပေါ့” လို့ မရာဒေသက CDM ကျန်းမာရေးဆရာမက ပြောပါတယ်။
အယ်ဒီတာအဖွဲ့၏ ဆောင်ရွက်ချက်နှင့် စာဖတ်သူများ ပါဝင်နိုင်မှု
The Zoland Post သတင်းဌာန အနေနဲ့ မရာဒေသအတွင်း ပိတ်ဆို့နေတဲ့ ရေဇွာ-လိုင်လင်းပီ လမ်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေအနေနဲ့ ဆေးဝါးပြတ်လပ်မှု၊ အရေးပေါ် လူနာလွှဲပြောင်းရေးဆိုင်ရာ အခက်အခဲတွေအပေါ် သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေထံ ဆက်လက်ဆက်သွယ် မေးမြန်းသွားမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ကျန်းမာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ မိမိတို့ရဲ့ အတွေ့အကြုံတွေ၊ မေးခွန်းတွေနဲ့ ပြန်လည်ရှင်းလင်းချက်တွေကို The Zoland Post ရဲ့ လူမှုကွန်ရက် စာမျက်နှာ Messenger နဲ့ တရားဝင် အီးမေးလ် လိပ်စာတွေကတစ်ဆင့် လုံခြုံစိတ်ချစွာ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
By – Zophawng
