The Zoland Post | ဇွန် ၅၊ ၂၀၂၆

ပေါက်ကိုယ်တော်၏ အမာခံပျူစခန်းနှင့် ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်သည့် ဓာတ်ပုံ မှတ်တမ်း
မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ အင်အားကောင်းသည်ဟု နာမည်ကျော်သည့် ပျူစောထီးစခန်းနှင့် ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နဲ့ ၄ ရက်နေ့တွေမှာ ပေါက်မြို့နယ်ရှိ ကုက္ကိုစုရွာ ပျူစခန်းနဲ့ ရေပြာရွာ ရဲစခန်းတို့ကို ဒေသခံတော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ စခန်းတွေကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၄၀ ကျော် သေဆုံးခဲ့သလို ၆၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ MFP သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါ့အပြင် ကုက္ကိုစုရွာအတွင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ ၂၀၀ ဝန်းကျင်ကိုလည်း တော်လှန်ရေးတပ်တွေက ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အရှင်ဖမ်းမိတဲ့ သုံ့ပန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ခုက “ ရဲရော ပျူစောထီးရော အရှင်ဖမ်းမိတာတွေ ရှိသလို လက်နက်၊ ကျည်နဲ့ ရိက္ခာတွေလည်း အများကြီး သိမ်းဆည်းရမိထားပါတယ်” လို့ ရှင်းပြထားပါတယ်။
အဆိုပါ ကုက္ကိုစုရွာ ပျူစခန်းဟာ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် (ဦးဝါသဝ) ကိုယ်တိုင် လက်နက်နဲ့ လူအင်အား အပြည့်အစုံရှိတယ်လို့ ကြွေးကြော်ထားတဲ့ အမာခံစခန်းတစ်ခု ဖြစ်ပါတယ်။
ရေပြာရွာရဲစခန်းကတော့ ပုသိမ်-မုံရွာ လမ်းပေါ်မှာရှိပြီး လမ်းသွားလမ်းလာတွေကို ဂိတ်ဖွင့်ငွေညှစ်လေ့ရှိတဲ့ အချက်အချာကျတဲ့ စခန်းတစ်ခု ဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာတော့ အဆိုပါစခန်းနှစ်ခုလုံး ကျဆုံးသွားတာဟာ ပေါက်မြို့နယ်အတွက်ပါ ရှုံးနိမ့်တာဖြစ်တယ်လို့ ပေါက်ကိုယ်တော်က ဝန်ခံပြောဆိုထားပါတယ်။
အခုလို အမာခံစခန်းတွေ ကျဆုံးသွားတာကြောင့် ရှေ့ဆက်ပြီး ပေါက်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးယန္တရားတွေအပေါ် ရိုက်ခတ်မှုတွေ ပိုမိုကြီးမားလာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
