The Zoland Post | ၂၂ နိုဝင်ဘာ ၂၀၂၆
ဝေဟင်ထက်
ရခိုင်ပြည်နယ်၊ ဝီရဌာနေမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၅ လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ မနက် ၈ နာရီခွဲခန့်က ဝီရဌာနေမြို့နယ်၊ နန်းတက်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ငါးလအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ် လေးဦးအပါအဝင် စုစုပေါင်း ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီမတိုင်မီ နိုဝင်ဘာလ ၂၀ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခန့်ကလည်း ဝီရဌာနေမြို့နယ်အတွင်းရှိ သဝင်ချောင်းကျေးရွာနဲ့ ဓားကိုင်ကျေးရွာတို့ကို ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် သဝင်ချောင်းကျေးရွာမှ အသက် ၃၉ နှစ်မှ ၄၅ နှစ်အတွင်းရှိ ဒေသခံအမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၅ လုံး ပျက်စီးသွားခဲ့ပါတယ်။ ဓားကိုင်ကျေးရွာမှာတော့ ဒေသခံများပိုင်ဆိုင်တဲ့ နွားနှစ်ကောင် သေဆုံးကာ နောက်ထပ်နှစ်ကောင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်မှ ၁၁ နာရီ ၂၉ မိနစ်အထိ တစ်နာရီနီးပါးကြာအောင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ကျေးရွာများကို ဂျက်တိုက်လေယာဉ် ၅ စီးနှင့် Y-12 လေယာဉ် ၁ စီးတို့ဖြင့် ဗုံးအလုံးရေ ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ တောင်ယာတဲအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းမှ နေ့စဉ်ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ပြောဆိုထားတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
